တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲနဲ့ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုက ဇူလိုင်လကထက် နည်းသွားတာကို တွေ့ရပါတယ်။
ဇူလိုင်လက တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၅၂ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့၂၈ ကြိမ်ကျော် ဖြစ်ပွါးခဲ့တာကို တွေ့ရပါတယ်။
တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တနင်္သာရီတိုင်းမှာရှိတဲ့ မြို့နယ် ၁၀ ခုထဲက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီနဲ့ ကော့သောင်း စတဲ့ မြို့နယ် ၇ မြို့နဉ်တွေမှာ ဖြစ်ပွားခဲ့တာပါ။
သြဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဘက်က သေဆုံးသူ ၃၈ ဦးရှိပြီး ဒဏ်ရာရသူ ၃၁ ဦးထက်မနည်း ရှိခဲ့တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ရေဖြူမြို့နယ် ဧကနိရွာတဝိုက်ကတိုက်ပွဲမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့သလို တနင်္သာရီမြို့နယ် ဘန်ကျုတ်ရွာတဝိုက်က တိုက်ပွဲမှာလည်း ရဲဘော်တစ်ဦးလက်နက်ကြီးထိမှန် ကျဆုံးခဲ့ပါတယ်။
တစ်လအတွင်း ဒဏ်ရာရရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ စုစုပေါင်း ၈ ဦးအထိရှိခဲ့ပါတယ်။
ဒီအချက်အလက်တွေဟာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့သတင်းပေးပို့မှုတွေကို တနင်္သာရီတိုင်းမ်က စာရင်းပြုစုထားတာပါ။ မြေပြင်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်ကျဆုံးသူတွေ ပိုမိုများပြား နိုင်ပါတယ်။
တချို့တိုက်ပွဲဖြစ်စဥ်တွေမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပေမဲ့ အရေအတွက်ကိုအတည်မပြုနိုင်တာကြောင့် စာရင်းထဲမှာထည့်သွင်းမထားပါဘူး။
အဲဒီတိုက်ပွဲတွေထဲက ၁၁ ကြိမ်ဟာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ စခန်းနေရာတွေကို တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်တဲ့ဖြစ်စဥ်အားလုံးနီးပါးကတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။