ကချင်ပြည်နယ်၊တနိုင်းမြို့နယ်မှ စစ်ကောင်စီစခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များက ယနေ့(ဇွန်လ ၁၀ရက်) နေ့လည်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းမြစ်များထံမှသိရသည်။
“တိုက်နေတာ ရက်အနည်းငယ်ကြာပါပြီ။ ဒီနေ့မနက်အစောပိုင်းကစပြီးထိုးစစ်ဆင်တာပါ။ စခန်းကိုရပြီးနယ်မြေရှင်းလင်းရေးလုပ်နေပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ယနေ့စခန်းသိမ်းတိုက်ပွဲကို KIA တပ်မဟာ(၂)က ဦးဆောင်ဆင်နွှဲခဲ့ခြင်းဟုသိရသည်။ထိုစခန်းတည်နေရာသည် ဗျူဟာကျခြင်းကြောင့်စစ်ကောင်စီကအပြင်းအထန်ခုခံခဲ့သည်ဟု သတင်းရရှိသည်။
တနိုင်းမြို့နှင့် မိုင်၂၀ခန့်အကွာ ဒေသအခေါ် နမ်ဗျူနမ်ခမ်ကျေးရွာရှိ ခြေလျင်တပ်ရင်း ခလရ(၂၉၇) နှင့် ခလရ (၂၆၀)
တို့ ပူးပေါင်းတပ်စွဲထားသည့်ရှေ့တန်းစခန်းကိုလည်း KIA ပူးပေါင်းတပ်က မေလ ၁၆ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုအပြင် ဇွန် ၁၀ ရက်တွင်ဝိုင်းမော်မြို့၌လည်း KIAပူးပေါင်းတပ်နှင့်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။