ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဂေါန်ရွှေမှော်တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်-KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကယနေ့ (မတ် ၁၈) ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
“မနက် ၅နာရီခွဲမှာတိုက်ပွဲစတာ။ စစ်တပ်စခန်းကို ဝိုင်းပိတ်ပြီးတိုက်တာ။ အခု စစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ဒေသခံတွေ ရှောင်နေကြရပြီ”ဟု တနိုင်းမြို့ခံတစ်ဦးကပြောသည်။
နမ်ဂေါန်ကျေးရွာတွင် ၂၀၁၇ ခုနှစ်က တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ဖူးသည်။ ထိုအချိန်ကတပ်စွဲထားသည့်စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က ယနေ့တိုက်ခိုက်ခြင်းဖြစ်သည်။မြေပြင်တိုက်ပွဲအခြေအနေအသေးစိတ်ကိုမသိရှိရသေးပေ။
” စခန်းတစ်ခုပြီးတစ်ခုတိုက်နေ တာဟုတ်တယ်။ အခုတနိုင်းကိုလည်း စတိုက်ပြီ” ဟု KIA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
KIAနှင့် PDFသည် ကချင်ပြည်နယ်မှစစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့ (မတ် ၁၈) နံနက်တွင် မိုးမောက်မြို့မှ စစ်စခန်း ၂ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့ဟု သတင်းရရှိသည်။ မတ်လ ၁၇ရက်တွင် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နေရာအများအပြားကို ထိုးစစ်ဆင်ခဲ့ရာ စစ်စခန်း ၇ခုသိမ်းရခဲ့ပြီး ယနေ့မနက်တွင် စစ်စခန်း ၂ခုထပ်မံသိမ်းယူခြင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကအသိပေးသည်။ မတ်လ ၇ ရက်မှ စ၍ KIA က လိုင်ဇာအနီးတဝိုက်နှင့် ကချင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၁၁ ရက်အတွင်း စခန်း ၃၀ ကျော် သိမ်းဆည်းထားကြောင်းသိရသည်။