စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းက အမျိုးသားတစ်ဦးအားသတ်ဖြတ်ပြီး ဒေသခံပြည်သူများ၏ ပစ္စည်းများအား အဓမ္မလုယူသွားကြောင်း ဒေသခံများက ပြောသည်။
မတ်လ ၁၉ ရက်က အင်အား ၂၀၀ကျော်ပါ စစ်စစ်ကြောင်းသည် တန့်ဆည်မြို့နယ်၊ သာကေတကျေးရွာမှ ဒေသခံပြည်သူများ၏ ပစ္စည်းများအား လုယူပြီး ကား၊လှည်းများဖြင့် သယ်ယူသွားကြောင်း၊ ထို့အပြင် အသက်(၄၀)အရွယ် အမျိုးသားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဝါသ၀ ပျူတွေအတွက် ရိက္ခာလိုနေလို့ သယ်နေတယ်လို့ သိရတယ်။ ပျူရွာတွေရဲ့အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းလှည့်ပြီး နေအိမ်တွေမီးရှို့နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် မတ်လ ၂၀ရက်ကလည်း ညံသာကျေးရွာမှ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့သေးသည်။
မတ်လ ၁၈ရက်နှင့် ၁၉ရက်ကလည်း မြောက်အင်းရွာရှိ နေအိမ် ၃၃လုံး၊ အိုးသည်ကုန်းရွာရှိ နေအိမ် ၁၅လုံးနှင့် ညောင်လေးပင်ရွာရှိ နေအိမ် ၁၅လုံး မီးရှို့ဖျက်ဆီးခဲ့သည်။
မတ်လ ၁၈ရက်က မြောက်အင်းရွာ မီးရှို့ဖျက်ဆီးခံရချိန် အမျိုးသမီးတစ်ဦးပါ သေဆုံးခဲ့သေးသည်။
မတ်လ ၁၇ရက်ကလည်း တန့်ဆည်မြို့နယ်၊ အင်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ (၅၇)အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး သံဃာတစ်ပါးအပါအဝင် အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့သည်။
ဖေဖော်ဝါရီ ၂၁ရက်က တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်း စခန်းသိမ်းတိုက်ခိုက်ခံရပြီး စစ်အုပ်စုအထိနာခဲ့သည်။ ထို့နောက်စစ်ကောင်စီ လက်အောက်ခံ ခမရ (၁၁)၊ ခမရ (၃၆၁)၊ ခမရ (၇၀၈) နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းက တန့်ဆည်မြို့နယ်အနောက်ပိုင်းကျေးရွာများအား စစ်ကြောင်းထိုးခဲ့ရာ အရပ်သားပြည်သူ ၁၁ဦး သတ်ဖြတ်ခံခဲ့ရပြီး ကျေးရွာ (၉)ရွာမှ နေအိမ် ၅၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။