စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကျေးရွာ၃ရွာကို မုံရွာနမခမှတက်လာသော MI35 ရဟတ်ယာဥ်တစ်စီးက လေကြောင်းပစ်ခတ်တိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇူလိုင်လ ၁၅ ရက်) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာနမခမှတက်လာသော စစ်ကောင်စီတပ်၏ MI35 ရဟတ်ယာဥ်တစ်စီးသည် တန့်ဆည်မြို့နယ်၊ သပြေရင်းရွာ၊ ပဲခင်းကြီးရွာနှင့်ခရမ်းခြံရွာ စသည့်ရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်း ရေဦးနယ်အခြေစိုက် People Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောကြားသည်။
ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး မြေပြင်ထိခိုက်မှုအခြေအနေကိုမူလတ်တလောမသိရသေးကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။
စစ်ကောင်စီလေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့်နေရာများသည် တန့်ဆည်နယ်အနောက်ခြမ်းတွင်တည်ရှိပြီး မြေပြင်စစ်ကြောင်းထိုးဝင်ရောက်နေသည့် နေရာများဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
“သပြေရင်းရွာတောတိုက်အနီးကိုလည်း လေကြောင်းနဲ့ ငါးချက်လောက် ပစ်ခတ်သွားတယ်လို့ သိရတယ်။ ခရမ်းခြံဘက်ပစ်ပြီး ပြန်ခေါက်သွားတယ်လို့ သိရပြီး အထိအခိုက်မသိရသေးဘူး။”ဟု ဒေသတွင်းကင်းထောက်ရဲဘော်တစ်ဦးက ဆိုသည်။
ယမန်နေ့က တန့်ဆည်ဘောလုံးကွင်းမှထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများသည် ခရမ်းခြံနှင့် သပြေရင်းရွာတွင် အင်အား ၁၃၀ ခန့်ဖြင့် ယာယီတပ်စွဲထားပြီး မိုင်းထိ၍ ဒဏ်ရာရထားသူများလည်း ပါဝင်ကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့ဖြစ်သော Farmer Heroes အဖွဲ့က အသိပေးသည်။
ဒေသခံပြည်သူများကို တန့်ဆည်နယ်အနောက်ခြမ်းတွင် လေကြောင်းအန္တရာယ် ဂရုစိုက်ပေးရန်နှင့် လုံခြုံဘေးကင်းသောနေရာများသို့ တိမ်းရှောင်နေကြရန်တော်လှန်ရေးအင်အားစုများက သတိပေးသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းအား စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့်လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စေတီအချို့နှင့် စာသင်ဆောင်အချို့ ပျက်စီးခဲ့သည်။