တအာင်းတပ်မတော် (TNLA) ၊ တပ်မဟာ (၆) စစ်ဒေသ ၊ တန့်ယန်းမြို့နယ် နားဆောင်ရွာအနီးမှာ TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ အကြားတိုက်ပွဲဖြစ်ပွားနေချိန် “ဝ” တပ်မတော်က အင်အား အလုံးအရင်းနဲ့ တန့်ယန်းမြို့ထဲဝင်ရောက်လာတယ်လို့ သိရပါတယ်။
ဝ “သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ တပ်အင်အား ၂,၀၀၀ ကျော်ဖြင့် သံလွင်မြစ် အနောက်ဘက်ခြမ်းကိုကူးပြီး တန့်ယန်းမြို့ထဲကို အင်အားဖြည့်တင်းခဲ့တာလို့ ရှမ်းအခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ SHAN News က ဒီနေ့မှာ ရုပ်သံဖိုင်နဲ့ သတင်းဖော်ပြခဲ့တာ တွေ့ရပါတယ်။
SHAN News ရဲ့ ဖော်ပြချက်မှာတော့ ‘ဝ’ တပ်ဖွဲ့က အကြမ်းဖက် စစ်ကောင်စီနဲ ညှိနှိုင်းပြီး တန့်ယန်းမြို့ထဲကိုဝင်လာတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေးလေ့လာသုံးသပ်သူတွေကတော့ အကြမ်းဖက်စစ်ကောင်စီက တန့်ယန်းမြို့ကို တော်လှန်ရေး တပ်ဖွဲ့တွေထံကို ရှုံးနိမ့်မှာ စိုးရိမ်တဲ့အတွက် ဝ “သွေးစည်းညီညွတ်ရေး တပ်မတော် လက်ထဲကို ထည့်ပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
တအာင်းတပ်မတော် TNLA နောင်ချိုမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှာ တန့်ယန်းမြို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက််နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။