အညာဒေသမှာ တန်ပြိုင်တိုက်စစ်ဖော်ဆောင်ဖို့ မောင်းပြန် ၅ လက်နဲ့ ကျည် ၅၀၀၀ တောင့် ဝယ်ယူရန် ၂ လတာကြာ ပြုလုပ်တဲ့ “အညာ မုန်တိုင်း” ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ပေးကြဖို့ Myingyan Black Tiger အဖွဲ့က တောင်းဆိုထားပါတယ်။
အောက်တိုဘာလအတွင်း Myingyan Black Tiger တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၆၀ ဦးခန့် သေဆုံးကာ မိမိတို့တပ်ဖွဲ့ဘက်က လက်နက်ခဲယမ်းမပြည့်စုံတဲ့အတွက် ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ Myingyan Black Tiger တာဝန်ခံ ဗိုလ်မိုက်ခဲက Zalen ကို ပြောပါတယ်။
“ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ရက်နေ့ ရေစကြို ရေလယ်ကျွန်းဒေသ တိုက်ပွဲမှာ မောင်းပြန် ၂ လက်နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့နဲ့ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ၄၀ ဦးသေဆုံးတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဘက်က လက်နက် ခဲယမ်းမပြည့်စုံလို့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တိုက်စစ်ကို အကောင်းဆုံး ခုခံစစ်အနေနဲ့ ကြံ့ကြံ့ခိုင်ခိုင် တော်လှန်တိုက်ခိုက်ခဲ့ပြီး ယခုအခါ တန်ပြိုင်တိုက်စစ်ဖော်ဆောင်နိုင်ရန်နဲ့ စစ်ကောင်စီ စခန်းတွေကို တိုက်ခိုက်ဖို့ “အညာမုန်တိုင်း” ကမ်ပိန်းပါဝင်ဖို့ Myingyan Black Tiger တာဝန်ခံက ဆက်ပြီး တိုက်တွန်းထားပါတယ်။
“ကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်ဒဏ်ကို အလူးအလည်းခံနေရတဲ့ အညာသား၊သူတွေအတွက် ကြမ်းတမ်းတဲ့ တန်ပြန်တိုက်စစ်တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ ဗျူဟာများနဲ့ စစ်ကောင်စီတပ်သားများကို ထိထိရောက်ရောက် ပြန်လည်လက်တုန့်ပြန်ရန်”လို့ ဆိုပါတယ်။
“အညာမုန်တိုင်း” ကမ်ပိန်းကာလမှာ ၂လတာ ဖြစ်ပြီး အောက်တိုဘာလ ၂၂ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့ထိ ဖြစ်ပါတယ်။