ရေဖြူမြို့နယ်၊ ကျောက်ရှပ်ရွာက ဒေသခံလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတာ ၅ ရက်ရှိနေပေမဲ့ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အခုလ ၂၉ ရက်နေ့က ကလိန်အောင်မြို့အခြစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခု တိုက်ခိုက်ခံရပြီးနောက် ကျောက်ရှပ်ရွာက အမျိုးသား ငါးဦးနဲ့ အမျိုးသမီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
စစ်မေးခံရသူတွေထဲမှာ စစ်ကောင်စီခန့်အုပ်ကြီး ပါဝင်ခဲ့ပေမဲ့ အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ အဆိုပါအုပ်ကြီးနဲ့ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့အမျိုးသား ၄ ဦးကိုတော့ စစ်ကောင်စီတပ်ရင်းတစ်ခုဆီ ဖမ်းခေါ်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ ကျောက်ရှပ်အုပ်ကြီး ခဏခဏခေါ်စစ်ခံရတယ်။ဘာကြောင့်လဲတော့မသိဘူး။ ကျန်တဲ့သူတွေကလည်း ထုံးစံအတိုင်း PDF နဲ့ချိတ်ဆက်ရှိလို့ဆိုပြီး ဖမ်းသွားတာပဲ။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဖမ်းခံထားရတဲ့ ရက်လည်းကြာနေပြီဖြစ်တဲ့အတွက် ပြန်လွတ်မဲ့အခြေအနေ မရှိနိုင်ဘူးလို့ ၎င်းက မှန်းဆပြောပါတယ်။
အဆိုပါ အမျိုးသားလေးဦးကို စစ်ကောင်စီတပ် (၄၁၀) တပ်ရင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေပြောဆိုနေကြပေမဲ့ တနင်္သာရီတိုင်းမ်အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မနေ့က ညနေပိုင်းမှာလည်း စစ်ကောင်စီတပ်သား အင်အားအများအပြား ကျောက်ရှပ်ရွာထဲရောက်လာပြီး ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရထားလမ်းနားမှာ တစ်ဖွဲ့ချခဲ့တယ်။ နွယ်လီဘက်ကိုလည်း တစ်ဖွဲ့ဆင်းသွားတယ်။ ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးပါ ဆင်ထားတယ်။ အခြေနေကတော့ မငြိမ်ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရင်းတွေ တိုက်ခိုက်ခံရတဲ့ အခုလ ၂၉ ရက်နေ့ကစလို့ စစ်သားတွေဟာ ကျေးရွာတွေထဲဝင်ပြီး ရွာသားတွေကို ရိုက်နှက်စစ်မေးတာ၊ ဖမ်းဆီးတာနဲ့ ဒေသတွင်း ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ရင်းတွေနဲ့နီးတဲ့ ကျောက်ရှပ်ရွာ၊ နွယ်လီရွာ၊ ဇင်းဘာရွာတွေဘက်ကို ပစ်ခတ်၊ တိုက်ခိုက်မှုတွေ မရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် နွယ်လီရွာက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။