ကရင်အမျိုးသားအစည်းအရုံး (KNU)ထိန်းချုပ်နယ်မြေ သထုံခရိုင် တပ်မဟာ ၁နယ်မြေအတွင်းက ပြည်သူတွေနဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီကိုစွန့်ခွာပြီး KNUနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ KNUတပ်မဟာ၁ ခရိုင်အမြဲတမ်းကော်မတီက ဒီကနေ့မှာ အသိပေးချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အရပ်ဘက်ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီအုပ်ချုပ်ရေးလုပ်ငန်းတွေက စွန့်ခွာပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူလူထုနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ KNUက တိုက်တွန်းပါတယ်။
အလားတူ စစ်ကောင်စီ စစ်ဘက်ဝန်ထမ်းတွေအနေနဲ့လည်း စစ်ကောင်စီကိုစွန့်ခွာပြီး ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်စေတဲ့ အမိန့်ပေးမှုတွေကို ဖီဆန်ကြဖို့ တိုက်တွန်းပါတယ်။
ဒါ့အပြင် အာဏာရှင်ဒေါက်တိုင်ဖြိုဖျက်ဖို့ ဆန့်ကျင်တော်လှန်နေတဲ့ လှုပ်ရှားမှုတွေမှာ နည်းမျိုးစုံနဲ့ ပါဝင်ကူညီတိုက်ပွဲဝင်ပေးဖို့နဲ့ စစ်တပ်ကိုစွန့်ခွာပြီး ပြည်သူဘက် ခိုလှုံကြဖို့ KNUက တိုက်တွန်းထားပါတယ်။
တပ်မဟာ ၁နယ်မြေထဲက ပြည်သူတွေ၊ စစ်ကောင်စီ စစ်ဘက်၊အရပ်ဘက်ဝန်ထမ်းတွေနဲ့အတူ မည်သည့်အဖွဲ့အစည်းမဆို ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ် KNUကသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ အညီ တာဝန်ယူမှု တာဝန်ခံမှုရှိစွာ ဆောင်ရွက်သွားမယ်လို့ အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။