စစ်ကိုင်းတိုင်းတမူးမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရပြီး ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် ပျုစောထီးများက သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။
တမူးမြို့နယ်၊ထုံကတင်ရွာမှ ကြံ့ခိုင်ရေးပါတီဝင် ဦးမြင့်ဆွေသည် သြဂုတ် ၁၇ ရက် နံနက် ၁၀နာရီခန့်တွင် သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်သည်။
“မင်းသာရွာသွားတဲ့ ကားလမ်းမဘေးမှာ ပစ်သတ်ခံရတာ။ အခု ကြားရသလောက် သူ့နဲ့ ဆက်စပ်ဖူးတဲ့ ပျူစောထီးအဖွဲ့က ပစ်သွားတာလို့ သတင်းနေထွက်နေတယ်။ရဲစခန်းဘက်ကကြားတာပါ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။
ဦးမြင့်ဆွေ သေဆုံးမှုကို ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ် စစ်ကောင်စီတပ်က ပျုစောထီးဘက်မှ အကာအကွယ်ပေးနေပြီး အမှုစစ်ဆေးမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အား ဖိအားပေးနေကြောင်းလည်း သိရသည်။
တမူးမြို့နယ်သည် တော်လှန်ရေးအင်အားစုများအားကောင်းသော်လည်း မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီနှင့်ပျူများက တပ်စွဲထားသည်။ မြို့ပေါ်ရပ်ကွက်များတွင် ပျူများက ဓားပြမှုများ၊ လူသတ်မှုများ မကြာခဏဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၄ရက် ညက တမူးမြို့၊ စန္ဒကူးရပ်ကွက်တွင် နေထိုင်သော ဒေါ်အေး၏ အိမ်ကို ပျူစောထီး ခုနစ်ဦးက ဝင်ရောက်ဓားပြတိုက်ပြီး ဒေါ်အေးနှင့် သားတစ်ဦး၊သမီးတစ်ဦးကိုပါ သတ်ဖြတ်သွားသည်ဟု ဒေသခံများကပြောသည်။ ဇူလိုင် ၃၀ရက်ညကလည်း တမူးမြို့ ဈေးတန်းရပ်ကွက်မှ နေအိမ်တစ်အိမ်ကို ပျုစောထီး ၂၀ခန့်က ဝင်ရောက်ဓါးပြတိုက်ပြီး အိမ်ရှင်အမျိုးသားကို သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။