စစ်ကိုင်းတိုင်း၊ တမူးနယ်အစပ်၊ ဟုမ္မလင်းမြို့နယ် အောင်ဇေယျရွာ စစ်အုပ်စုစခန်းကို ဒီဇင်ဘာ(၁၀)ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က သတင်း ထုတ်ပြန်ပါတယ်။
“အောင်ဇေယျ စခန်းသိမ်းတိုက်ပွဲမှ သိမ်းပိုက်ရရှိသော လက်နက်ပစ္စည်းများ သတင်းမှတ်တမ်း” ဆိုပြီး NUG က သိမ်းပိုက်ရရှိတဲ့ လက်နက်ခဲယမ်း တချို့ကို ဒီနေ့ ဒီဇင်ဘာ(၁၂)ရက်မှာ ထပ်မံ ထုတ်ပြန်တာ ဖြစ်ပါတယ်။
အဲ့ဒီ အောင်ဇေယျ စခန်းသိမ်း တိုက်ပွဲဖြစ်စဉ် အသေးစိတ်နဲ့ နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေတွေကိုတော့ NUG က ထုတ်ပြန်တာ မရှိသေးပါဘူး။
ဟုမ္မလင်းနယ် အောင်ဇေယျကျေးရွာ စစ်အုပ်စုစခန်းကို အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ(၇)ရက်က စတင်ကာ သုံးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ(၁၀)ရက် မနက်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ NUG က ဒီဇင်ဘာ(၁၀)ရက်မှာလည်း ကနဦး အသိပေးချက် ထုတ်ပြန် ထားပါတယ်။
တမူးမြို့နယ် အထက်ပိုင်းရှိ အောင်ဇေယျကျေးရွာ စစ်အုပ်စု တပ်စခန်းမှာ စစ်အုပ်စု တပ်သားတွေနဲ့အတူ စစ်အုပ်စု လက်အောက်ခံ ရှမ်းနီ (SNA) အဖွဲ့၊ ကသည်း (UNLF) အဖွဲ့နှင့် ပျူစောထီးတွေ အခိုင်အမာ တပ်စွဲထားတဲ့ အခြေစိုက် စခန်း ဖြစ်ပြီး ကူကီး အမျိုးသား တပ်မတော် (မြန်မာပြည်) – KuKi National Army (KNA-Burma) နဲ့ မဟာမိတ် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု (PDF) တွေက ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တာလို့ KNA-Burma က ထုတ်ပြန်ထားပါတယ်။
အဲဒီ အောင်ဇေယျစခန်းသိမ်း တိုက်ပွဲအတွင်း KNA-Burma တပ်ဖွဲ့ဝင် အသက်(၂၅)နှစ်အရွယ် တော်လှန်ရေး ရဲဘော်တစ်ဦးနဲ့ PDF တပ်ဖွဲ့ဝင် အသက်(၂၂)နှစ်အရွယ် တော်လှန်ရေး ရဲဘော်တစ်ဦးတို့ ကျဆုံးပြီး တော်လှန်ရေး ရဲဘော် (၁၂)ဦး ဒဏ်ရာရတယ်လို့လည်း KNA-Burma က ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စု ခြောက်ယောက် ဖမ်းမိပြီး အဲဒီ ဖမ်းမိသူတွေဟာ ထောက်လှမ်းရေး (ဒါမှမဟုတ်) ဒလန်လို့ ယူဆရသူတွေလို့ ဆိုပါတယ်။
အောင်ဇေယျစခန်းကုန်း တိုက်ခိုက်ခံနေရချိန် ဒီဇင်ဘာ(၈)ရက် ညပိုင်းမှာ စစ်အုပ်စုက အောင်ဇေယျရွာအနီးက ကူကီး တိုင်းရင်းသားတွေ နေထိုင်တဲ့ အိမ်ခြေ(၃၀၀)ကျော်ရှိတဲ့ တုံကျော်ကျေးရွာကို အကြောင်းမဲ့ စီးနင်းဝင်မွှေ လုယက် မီးရှို့လို့ ခရစ်ယာန်သင်းအုပ်ဆရာ နေအိမ် အပါအ၀င် နေအိမ်(၁၇)လုံး မီးလောင် ပြာကျခဲ့ပါတယ်။