စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်းက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နဂါးမင်းသမီးတပ်စခန်း အား တမူး ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း (၄)က ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးပြီး၊ တမူး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ သိရှိရပါတယ်။
အကြမ်းဖက် စစ်သား အင်အား (၃၅) ဦးခန့် စခန်းချ တပ်စွဲနေတဲ့ နဂါးမင်းသမီး တပ်စခန်းကို ဇွန်လ ၂၄ ရက်၊ မနက် ၅ နာရီ ၁၅ မိနစ်အချိန်မှာ တမူး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၇ဦးသေဆုံးခဲ့ပြီး၊ တမူး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၁ဦး ကျဆုံးခဲ့တယ်လို့ တမူး ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၄) ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဆိုပါ အကြမ်းဖက် စစ်စခန်းအား တမူး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ရာ ၂ဘက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၊ စစ်ရေးနိမ့်နေတဲ့ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူအဖြစ် အကြမ်းဖက် စစ်သား၊ ကသည်းသူပုန် (Meitei UG) ၊ စစ်ကောင်စီ လက်ပါးစေ ပြည်သူ့စစ် အမည်ခံ SNA ရှမ်းနီ၊ ပျူစောထီးများ အင်အား အများအပြားဖြင့် ရောက်လာတဲ့ အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တပ်ဆုပ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
တမူး ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၄) မှ ကိုယ်ပိုင် အမှတ် P12604075 မှ ရဲဘော်၁ဦး ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး အတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားတယ်လို့ ထုတ်ပြန်ချက် မှာဖော်ပြပါရှိပါတယ်။