စစ်ကိုင်းတိုင်း၊ တမူးမြို့၊ ပန်းသာရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁ ဦး အရှင်ဖမ်းမိကာ လက်နက်အချို့ သိမ်းဆည်းရရှိပြီးနောက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခဲ့ကြောင်း တမူးခရိုင် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၁၅ ရက်နေ့ နံနက် ၅ နာရီခန့်တွင် တမူးမြို့နယ်၊ ပန်းသာရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF ခရိုင်တပ်ရင်းမှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သား ၁ ဦး အရှင် ဖမ်းမိကာ လက်နက်အချို့ သိမ်းရရှိခဲ့ကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် တမူး စစ်တပ်ကုန်းနှင့် ၄ မိုင် အကြမ်းဖက် စစ်ဂိတ်မှ ပန်းသာရွာကို ၁၀၅၊ ၁၀၈၊ ၁၂၀ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ PDF ခရိုင်တပ်ရင်းမှ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တပ်ရင်း ၄ လည်း ၄ မိုင် အကြမ်းဖက် စစ်တပ် ဂိတ်ကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က Yak 130 အမျိုးအစား တိုက်လေယာဥ် ဖြင့် ပန်းသာရွာနှင့် အင်ဒိုင်းရွာတို့ကို ပေါင် ၅၀၀ ဗုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တမူးမြို့၊ နန်းဖာလုံတွင်လည်း ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံးကာ မြို့ပေါ်၌လည်း ပျူစောထီး အဖွဲ့များ လှုပ်ရှားလျက်ရှိကြောင်း သိရှိရသည်။
” တမူး-ကလေးလမ်းဘေးမှာရှိတဲ့ ပန်သာကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို PDF တမူးခရိုင်က ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက် အချို့ရလိုက်တယ်လို့ သိရတယ်။ ဒီမနက် ၅ နာရီမှာ စစ်ခွေးတွေက ဂျက်လေယာဉ်တစ်စီးနဲ့ လာရောက် ဗုံးကျဲသွားတယ် လူထိခိုက် သေဆုံးမှုတော့မသိရသေးဘူး။ တမူး 14 တံတား ဂိတ်စောင့်ခွေးတွေ ဗုံးထုခံရပြီး ၄ ကောင်မှောက်တယ်လို့ပြောတယ် လူနာတင်ကားသံတွေ ကြားနေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။