ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုကြောင်းကြေညာပြီးနောက် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လို့ အဖမ်းခံရတဲ့ မြန်မာလူငယ်အရေအတွက်က ထိုင်းစစ်တပ်နဲ့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အယောက် ၅၀ လောက် ရှိနေပါတယ်။
စစ်မှုထမ်းဥပဒေကြေညာပြီး သုံးရက်အကြာ အခုလ ၁၃ ရက်နေ့မှာတော့ ကော့သောင်းခရိုင်နဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ ရနောင်းခရိုင်ထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာလို့ ဖမ်းခံရတဲ့ မြန်မာလူငယ် ၆ ယောက် ရှိပါတယ်။
အဲဒီလူငယ်တွေဟာ ရနောင်းခရိုင်ကနေ ဖန်ငါခရိုင်ကို ဆိုင်ကယ်တွေနဲ့သွားတဲ့အချိန် ထိုင်းစစ်တပ်ရဲ့ အမှတ် -၂၅ ခြေလျင်တပ်ရင်းက လမ်းမှာ စစ်ဆေးဖမ်းဆီးခဲ့တာပါ။
ရနောင်းမြို့ပေါ်မှာနေထိုင်တဲ့ ထားဝယ်ဒေသခံလူငယ်တစ်ဦးကတော့ ဖမ်းဆီးတာတွေရှိနေပေမဲ့ အရဲစွန့်ပြီးလာနေတဲ့သူတွေလည်း အများအပြားရှိနေတယ်လို့ ဆိုပါတယ်။
“စီစဥ်ပေးတဲ့ပွဲစားကတော့ အဓိကအကျဆုံးပဲ။ သူတို့ကပြီးပြီးရော လုပ်ရင်တော့ ခံရတာပဲဗျ။ ရောက်တာတော့ရောက်လာနေကြတယ်။ တချို့ကလည်းလမ်းတဝက်မှာပေါ့။ မနေ့ကဆိုလည်း ကျနော့်မိတ်ဆွေတွေရဲ့မိသားစုဝင်တွေ အောက်လမ်းကပဲရောက်လာကြတယ်” လို့ ထားဝယ်ဒေသခံလူငယ်က ပြောပါတယ်။
အခုရက်ပိုင်းမှာတော့ ထိုင်းစစ်တပ်နဲ့ရဲတွေကတော့ ကော့သောင်း-ရနောင်း နယ်စပ်အနီးတဝိုက်ကလမ်းတွေမှာ ညဘက်ကင်းလှည့်တာတွေ ရှိလာတယ်လို့ သူကဆိုပါတယ်။
အခုလ ၁၄ ရက်နေ့မနက်ပိုင်းမှာလည်း ထိုင်းနဲ့မွန်ပြည်နယ် နယ်စပ် ကန်ချနဘူရီခရိုင်ထဲမှာ တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့မြန်မာ ၁၇ ယောက်နဲ့ ပွဲစား နှစ်ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။
အလားတူ မနေ့ကမနက်ပိုင်းမှာလည်း တာခ့်ခရိုင်၊ ဖွတ်ဖရမြို့နယ်မှာ တရားမ၀င်နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသားက ၁၁ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စုစုပေါင်း ၂၇ ယောက်ကို နယ်ခြားစောင့်တပ်ကဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးမိသူအားလုံးကို သက်ဆိုင်ရာနယ်မြေရဲစခန်းတွေကိုပို့ဆောင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုထားပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ဖမ်းဆီးခံရသူတွေဟာ ထိုင်းရဲစခန်းအချုပ်တွေမှာ အချိန်တခုအထိထိန်းသိမ်းခံရပြီးနောက်မှာတော့ နယ်စပ်ဂိတ်တွေကတဆင့်မြန်မာနိုင်ငံထဲကို ပြန်လည်ပို့ဆောင်ခံရဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေပြဌာန်းချက်ကြောင့် စစ်မှုမထမ်းလိုတဲ့လူငယ်အများအပြားဟာ ပြည်ပနိုင်ငံတွေကိုထွက်ခွာဖို့ကြိုးစားနေကြတာဖြစ်ပြီး အများစုကတော့ ထိုင်းနိုင်ငံကိုတရားမဝင်လမ်းကထွက်ခွါနေကြတာတွေ ရှိိနေပါတယ်။