စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က တရုတ်ကြေးနီ စီမံကိန်းတွေမှာ ဂိတ်စောင့်နေရတဲ့ စစ်အုပ်စုက အနီးအနား ကျေးရွာတွေကို စီးနင်းဝင်မွှေလုယက်ပြီး ပြည်သူတွေရှိရာ လက်နက်ကြီးနဲ့ ရမ်းကားပစ်ခတ် သောင်းကျန်းတာကြောင့် ကိုးနှစ်အရွယ် ကလေးငယ် သေဆုံးပြီး ပြည်သူ ငါးဦး ဒဏ်ရာရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ထုတ်ပြန်ပါတယ်။
ဒီနေ့ ဩဂုတ်(၁၅)ရက်မှာ ယင်းမာပင်နယ် မုံရွာ – ပုသိမ်လမ်းဘေးက ကျေးရွာတွေထဲ စီးနင်းဝင်မွှေ လုယက်တဲ့ တရုတ်စီမံကိန်း ဂိတ်အစောင့် စစ်အုပ်စုက ပြည်သူတွေရှိရာ လက်နက်ကြီးနဲ့ ထုတာဖြစ်ပြီး ပေကုန်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြန်မာဝမ်ဘောင် ကုမ္မဏီအတွက် လုံခြုံရေး ပေးနေသော အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုမှ လက်နက်ကြီးများဖြင့် ပစ်ခက်သောကြောင့် ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းဘေး၌ စစ်ရှောင်နေရသော ကိုးနှစ်သားအရွယ် မောင်ကျော်သီဟ နေရာတင် ပွဲချင်းပြီး သေဆုံးပြီး ပြည်သူ ငါးယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်” လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဩဂုတ်(၁၄)ရက် မနေ့ကလည်း ဒုန်းတောနဲ့ ကံကုန်းကျေးရွာတွေထဲ စီးနင်းဝင်မွှေ လုယက်ကာ ဒေသခံပြည်သူ ခုနှစ်ဦး ထက်မနည်းကို ဖမ်းဆီးသွားကြောင်း၊ စစ်အုပ်စု ရန်ပြုသောင်းကျန်းနေလို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်၊ တရုတ်စီမံကိန်းနဲ့ မုံရွာ – ပုသိမ် ကားလမ်းဘေး ကျေးရွာတွေက ပြည်သူ (၇၀၀၀)ကျော် ထွက်ပြေးနေရတယ်လို့ ယင်းမာပင်နဲ့ ဆားလင်းကြီးနယ်က စစ်ပြေးပြည်သူတွေကို ကူညီနေတဲ့ ပြည်သူမှ ပြည်သူသို့ အဖွဲ့က ဖော်ပြပါတယ်။
တရုတ်စီမံကိန်း ဂိတ်အစောင့် စစ်အုပ်စုဟာ လက်နက်အားကိုးနဲ့ ဒေသတွင်း ထင်တိုင်းကျဲ အကြမ်းဖက် သောင်းကျန်းနေပြီး စစ်အာဏာသိမ်းပြီးနောက် တရုတ်စီမံကိန်း ပတ်လည် ကျေးရွာတွေက ဒေသခံပြည်သူ (၂၀)ထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ယက်က ဆိုပါတယ်။