မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ် ခိုမုန်းရွာအနီး တအာင်းတပ်မတော် (TNLA) တပ်ရှိရာသို့ အကြမ်းဖက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ မနေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၈ရက်က တရုတ်နယ်စပ်နဲ့ ၁ ဒသမ ၅၄ ကီလိုမီတာသာ ကွာဝေးတဲ့ ခိုမုန်းကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇)စစ်ကြောင်းနဲ့ ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်တဲ့ ရှောင်ဟော်၊ လုံထန်၊ မြို့မ (၁.၂.၃)အဖွဲ့တို့က စစ်ကြောင်း(၅)ကြောင်းနဲ့ ထိုးစစ်ဆင်လာလို့ မနက် ၈နာရီကနေ ညနေ ၅နာရီခွဲထိ တိုက်ပွဲပြင်းထန်ခဲ့တာလို့ဖော်ပြထားပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ နမ့်ဖက်ကာ အခြေစိုက် (၁၂၃) တပ်ရင်းကလည်း တိုက်ပွဲဖြစ်ရာကို လက်နက်ကြီး တွေနဲ့ ၈ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ တပ်မ(၉၉)လက်အောက်ခံ (၄၂၀)၊ (၄၁၇)တပ်တွေကလည်း သူတို့ တပ်စွဲထားတဲ့နေရာကနေ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်သို့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဒီလိုပစ်ခတ်ခဲ့လို့ ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်းမီးလောင်သွားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
TNLA နဲ့ အကြမ်းဖက်စစ်တပ်တို့အကြား လားရှိုးမြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တအာင်းတပ်မတော် – TNLA ရှိရာသို့ စစ်ကားများအသုံးပြုကာ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တအောင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ထိခိုက်ကျဆုံးမှုအများအပြားရှိခဲ့ကြောင်း အသိပေးဖော်ပြထားပါတယ်။
TNLA နဲ့ အကြမ်းဖက်စစ်တပ် တို့ဟာ ဩဂုတ်လအတွင်း တိုက်ပွဲ ၁၅ကြိမ်ဖြစ်ပွားခဲ့သလို ဇူလိုင်လအတွင်းမှာလည်း တိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။