ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျရောက်မယ့် တရုတ်ရိုးရာနှစ်သစ်ကူးကာလ နီးလာပြီဖြစ်တာကြောင့် တရုတ်နိုင်ငံဘက်မှ မြန်မာ့ဖရဲဝယ်လိုအား မြင့်တက်လာနေကာ ဈေးကောင်းများရနေ တယ်လို့ မိုင်းလားသစ်သီးစျေးကွက်က သိရပါတယ်။
“တရုတ်ဘက် နှင်းမုန်တိုင်းကြောင့် စျေးတန့်သွားပေမယ့် သစ်သီးအရည်အသွေးကောင်းရင် စျေးရပါတယ်၊ စျေးလဲတက်လာတယ် ” လို့ ဖရဲကုန်သည်တစ်ဦးက ပြောပါတယ်။
လက်ရှိ တရုတ်နိုင်ငံဘက်ခြမ်းမှာ ဖရဲသီး အရောင်းအဝယ်ကောင်းနေပြီး အရောင်းလှနေကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ဖရဲကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထွက်ရှိသော်လည်း တစ်နိုင်ငံလုံးရဲ့ ဝယ်လိုအားကို ပြည့်မီခြင်း မရှိတဲ့ နှစ်စဉ် အောက်တိုဘာလဆန်းက ဧပြီလကုန်အထိ မြန်မာနိုင်ငံက တင်ပို့ ရောင်းချရပြီး ၎င်းတို့နိုင်ငံ၌ ဖရဲသီး ထွက်ချိန်တွင် ရာသီဥတု ဖောက်ပြန် ခြင်းများ ရှိပါကလည်း ဝယ်လက်များက မြန်မာဖရဲသီးကို ဝယ်ယူလေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးထွက် ရှိတဲ့ ဖရဲသီးတွေအနက် ရှမ်းပြည်ကထွက်တဲ့ ဖရဲကို ရှမ်းသီး၊ မန္တလေး၊ စစ်ကိုင်း၊ တံတားဦးနှင့် ပြည်မဘက်မှ ထွက်တဲ့ ဖရဲကို ဗမာသီး၊ အောက်ပြည်သီးလို့ စျေးကွက်မှာ ခေါ်ကြပါတယ်။
ရှမ်းသီးမှာ ရာသီဥတု နေအပူရှိန်ဒဏ် မခံရသဖြင့် အရောင်ပိုလှပြီး အသား ကျစ်ကာ နေ့ချင်းရောက်သဖြင့် ပိုမိုလတ်ဆတ်သော်လည်း အောက်ပြည်သီးမှာ နေပူရှိန်ကြောင့် အရောင်လွင့်ပြီး လမ်းခရီးကြန့်ကြာမှုက အရည်အသွေး ကျဆင်းစေလို့ စျေးသိပ်မရဘူးလို့ သိရပါတယ်။