တရုတ်စီမံကိန်းတည်ရှိရာ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၈) တောင်မော်ဦး ရေတပ်စခန်းဖက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုတို့ ပြုလုပ်နေကြောင်း ဒေသတွင်းနေထိုင်သူ များကပြောသည်။
ယခုရက်ပိုင်းအတွင်း တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူမြို့နယ်ရှိအတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်များ လုပ် ဆောင် လာနေကြောင်း ဒေသခံများက ပြေဆိုသည်။
ယနေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုမှာ ၁၀ နာရီဝန်းကျင်ခန့်မှ စတင်ကာ နာရီဝက်ခန့်အကြာ ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု အနီးနားမှာ ဒေသခံတစ်ဦးကပြောသည်။
“အချိန်အားဖြင့် ၁၀ နာရီဝန်းကျင်လောက်ရှိမယ်။ လက်နက်ငယ်တွေရော၊ လက်နက်ကြီးတွေရောပစ်တယ်။ ဘာကြောင့်ပစ်လဲတော့ သေချာမသိဘူးလေ။ ဒီအတိုင်းပဲရမ်းသမ်း ပစ်တာလို့တော့ ထင်တယ် ” ဟုပြောသည်။
တောင်မော်ဦးရေတပ်စခန်းမှာ ကျောက်ဖြူ စနဲမြို့နှင့် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ရေတပ်စခန်းတစ်ခုဖြစ်ပြီး တရုတ် ရေနက်ဆိပ်ကမ်းစီမံကိန်းတည်နေရာများဖြစ်သည့် ရမ်းဗြဲကျွန်းနှင့် မဒေးကျွန်းကြားတွင်ရှိ ၆ မိုင်ကျော်ခန့် အကွာဝေးရှိသည်။
အဆိုပါ ရေတပ်စခန်းအနီးတွင် တစ်ခြားကျေးရွာများလည်းရှိနေကာ ယနေ့နံနက်ပိုင်းက လက်နက်ကြီးငယ်များ ပစ်ခတ်လာမှုကြောင့် ဒေခံများစိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိနေကြကြောင်း သိရသည်။
အခြား ဒေသခံတစ်ဦးက “လက်နက်ကြီးကတော့ ၇ လုံး ၈ လုံးလောက်ပစ်သွားတယ်။ ၁၁ နာရီလောက်မှာတော့ ဆက်မပစ်တော့ဘူး။ လောလောဆယ်တော အခြေနေတွေ့ငြိမ်နေပါတယ်” ဟုဆိုသည်။
အဆိုပါ လက်နက်ကြီး ပစ်ခတ်ခံရသည့် အနီးတွင် အဝတောင်၊ ချော့ချောင်း၊ စနဲ စသည့်ကျေးရွာများရှိပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်မှု အခြေအနေအား မသိရသေးဟု ဒေခံများက ပြောသည်။
ကျောက်ဖြူမြို့နယ်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်ကလည်း သစ်ပုတ်တောင် ဓညဝတီရေတပ်စခန်းအနီးတွင် ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီစစ်ကြောင်းအားမိုင်းဆွဲတိုက်ခိုက်မှုရှိခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ညည့်အချိန်ခန့်ကလည်း ကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်စခခန်းများမှ လက်နက်ကြီးငယ်များ ဆက်တိုက်ပစ်ခတ်မှုတို့ပြုလုပ်ခဲ့သည်။
လက်ရှိ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်မြို့နယ်များမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှုပိုနေသည့် မြို့နယ်များဖြစ်ပြီး ရမ်းဗြဲတွင်ဆိုလျှင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က အမှတ်(၅) ရပ်ကွက်အနီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိခဲ့သည်။