ညီနောင်မဟာမိတ်တွေနဲ့အတူ ရှမ်းပြည် မြောက်ပိုင်းမှာ မနေ့ နိုဝင်ဘာ ၁ ရက်နေ့မှာ တအာင်း စစ်ဒေသထဲက စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
တအာင်းပြည်နယ်၊ တပ်မဟာ (၅) စစ်ဒေသတွင်းက မိုင်းယု-နမ့်ဖတ်ကာ ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရင်ကွဲတောင် တပ်စခန်းကို မနေ့က ညနေ ၃ နာရီဝန်းကျင်မှာ စတင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် တပ်မဟာ (၁) စစ်ဒေသ အတွင်းမှာရှိတဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်-နမ့်ခမ်းမြို့အဝင် စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်း စခန်းထိုင်တဲ့ မန်ခမ်းတပ်စခန်းကို မနေ့က နေ့လယ် ၃ နာရီခွဲ ဝန်းကျင်မှာ သိမ်းပိုက်နိုင် ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်မဟာ (၁) စစ်ဒေသ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာထဲမှာရှိတဲ့ စစ်ကောင်စီနဲ့ စိန်ကျော့ ပြည်သူ့စစ် တပ်စခန်းကို ည ၆ နာရီ ဝန်းကျင်မှာ ထပ်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။
မနေ့ ညနေပိုင်းမှာပဲ ပြင်ဦးလွင်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကား ၂၂ စီး၊ သံချပ်ကာ ၂ စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို အုမ္မခါးကျေးရွာ အနီးမှာ တအာင်း တပ်မတော် PSLF/ TNLA နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တားဆီး တိုက်ခိုက်ရာ စစ်တပ်ဘက်က အလောင်းတွေနဲ့ လက်နက် ၆ လက် သိမ်းဆည်း ရမိခဲ့တယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ တိုက်ပွဲ အတွင်း စစ်ကောင်စီ သံချက်ကာ ကား တစ်စီးကို RPG–7 နဲ့ ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အုမ္မတီးကျေးရွာဘက် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းမှာလည်း နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ရွာနဲ့ အုမ္မတီးရွာကြားမှာ စခန်းချနေတဲ့ စစ်တပ်နဲ့ တအာင်းတပ်မတော်၊ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပါတယ်။
လက်ရှိ စစ်ဆင်ရေး ကာလ အတွင်း စစ်ရေး တင်းမာနေတဲ့ အရပ်ဒေသတွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ဒေသတွေကို ခရီးသွားလာပါက ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ဘေးအန္တရာယ် ရှောင်ရှားနိုင်ဖို့အတွက် PSLF/ TNLA အုပ်ချုပ်ရေးအဖွဲ့နဲ့ တပ်ရင်း တပ်ဖွဲ့တွေဆီကို သတင်းပို့ ခွင့်ပြုချက် တောင်းခံ သွားလာဖို့ကို TNLA က သတိပေး ထုတ်ပြန်ထားပါတယ်။