ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံနယ်စပ်၊ တာချီလိတ်မြို့ဆန်ဆိုင်း (က) ရပ်ကွက်က အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာကို စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီ ၂၃ရက် မနက်အစောပိုင်းက ဝင်ရောက်ပြီး လူပေါင်းရာချီဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေကို အချုပ်ကားတွေနဲ့ဘယ်နေရာကို ခေါ်ဆောင်သွားတယ်လို့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
`မနက်မိုးလင်းစ ၄ နာရီလောက်မှာ အချုပ်ကားတွေ ၃ ၄ခေါက်အပြည့်တင်ပြီး ဘယ်ခေါ်သွားတယ် တော့မသိဘူး၊ ရဲစခန်းထက် စစ်တပ်ထဲခေါ်သွားမယ်ထင်တယ်`လို့ ဒေသခံ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ယင်းလုပ်ငန်းနေရာဟာ ဆန်ဆိုင်း(က)မှာရှိတဲ့ 1G1 ဟိုတယ်အနောက်ဘက်မှာ ရှိနေတာဖြစ်ပြီး အဲလုပ်ငန်းမှာရှိတဲ့ လူရာချီကို ယခုချိန်ထိဖမ်းဆီးကာ စစ်ဆေးနေပြီး ဖမ်းမိတဲ့ထဲမှာပါ်လာတဲ့ ထိုင်းနိုင်ငံသားအများအပြားကိုလည်း အခြားနေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
အဲဒီလုပ်ငန်းမှာ နေ့ဆိုင်း၊ ညဆိုင်းအလုပ်သမားရာချီရှိတာဖြစ်လို့ အခုဖမ်းမိတာဟာ ညဆိုင်း အလုပ်သမားတွေသာဖြစ်ပြီး နေ့ဆိုင်းသမားတွေ ရာချီရှိနေသေးတယ်လို့ သိရပါတယ်။
တာချီလိတ်မှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ဖမ်းဆီးနေပြီး မိုင်းဆတ်၊ မိုင်းတုံလို ထိုင်းနယ်စပ်နဲ့နီးပြီး အင်တာနက်လိုင်းကောင်းတဲ့ အခြားနေရာတွေကို ပြောင်းရွှေ့သွားတာတွေလည်း အများအပြားရှိနေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။