တာချီလိတ်မြို့နယ်အတွင်းက ရပ်ကွက်အချို့နဲ့ ကျေးရွာတွေမှာ စစ်မှုထမ်းစရိတ် ကောက်ခံနေတာတွေရှိနေတယ်လို့ သိရပါတယ်။
တာချီလိတ်ခရိုင်အတွင်း လာမယ့် စစ်မှုထမ်းသင်တန်းအပါတ်စဉ်အတွက် စစ်မှုထမ်း ဦးရေ ၁၅၀ ကျော်ပေးရမယ်လို့ တြိဂံတိုင်းစစ်ဌာနချုပ်က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
သတ်မှတ်ထားတဲ့ စစ်မှုထမ်းဦးရေမပေးနိုင်တဲ့ ကျေးရွာနဲ့ ရပ်ကွက်တွေအတွင်း တစ်အိမ်ထောင်ကို ထိုင်းဘတ် ၅၀၀ မှ ဘတ် ၂၀၀၀ ကျော်သတ်မှတ်ပြီး အုပ်ချုပ်ရေးမှူးတွေက လိုက်လံကောက်ခံနေတာပါ။
တာချီလိတ်ခရိုင်အတွင်းက မြို့နယ်ခွဲတွေနဲ့ ကျေးရွာအုပ်စုတွေအလိုက် စစ်မှုထမ်းဦးရေလိုက်လံကောက်ခံရာမှာ လူဦးရေမပြည့်တဲ့အတွက် ငွေကြေးကောက်ခံပြီး လူစားထိုးဝယ်ယူ ဖြည့်တင်းဖို့ ကောက်ခံနေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ယခင် စစ်ကောင်စီရဲ့ အပါတ်စဉ် ၂ သင်တန်းကို ကျိုင်းတုံမြို့ တိုင်းဗဟို ၁၁ မှာ စစ်အခြေခံသင်တန်းဖွင့်လှစ်ခဲ့ပြီး တာချီလိတ် တောင်ပေါ်ကျေးရွာတွေက အာခါ၊ လားဟူ တိုင်းရင်းသားအများဆုံးပါဝင်ခဲ့ပြီး ယခု အပါတ်စဉ်မှာတော့ ဒေသခံရှမ်းတိုင်းရင်းသားတွေကို စစ်မှုထမ်းဖို့ ရည်ရွယ်နေတာတွေရှိတယ်လို့ သိရပါတယ်။
တာချီလိတ်ခရိုင်အတွင်း ၂၀၁၄ သန်းခေါင်စာရင်း အစီရင်ခံစာအရ လူဦးရေ ၁သိန်း၇သောင်း ကျော်ရှိပေမယ့် နိုင်ငံအနှံ့တိုက်ပွဲနဲ့ စစ်ဘေးရှောင်တွေ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးတာကြောင့် အာဏာသိမ်းပြီးနောက် တာချီလိတ်ကို ရွှေ့ပြောင်းအခြေချလာသူဦးရေ ၁ သန်းကျော်ရှိနိုင်တယ်လို့ ဒေသဆိုင်ရာအချက်အလက်တွေရ သိရပါတယ်။