တာချီလိတ်မြို့မှာရှိတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေထဲကနေ လဝကနဲ့ ရဲတွေက အကြောင်းအမျိုးမျိုးပြကာ ဘတ်ငွေသိန်းနဲ့ချီပြီး တောင်းခံတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ တာချီိလတ်မြို့ခံတွေက မဲခေါင်ကို ပြောပါတယ်။
နိုဝင်ဘာလလယ်ပိုင်းကစပြီး ဘတ်ငွေသိန်းနဲ့ချီတောင်းခံတာ ခပ်စိပ်စိပ်ဖြစ်လာပြီး ညဘက် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုတွေမှာ အခုလိုတောင်းခံတာကြုံရတယ်လို့ ကိုယ်တိုင်ကြုံတွေရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးနဲ့ နီးစပ်သူက မဲခေါင်ကိုပြောပါတယ်။
“ညဘက် ကလပ်တွေ၊ ဘားတွေက ပြန်လာတဲ့ တရုတ်တွေ၊ ထိုင်းတွေကို ဦးတည်ပြီးတောင်းတာ။ နောက်ပိုင်း ပိတ်ဆို့လုပ်တာ ရဲနဲ့ လဝကပဲ ပါတော့တယ်။ စစ်တပ်မပါတော့ဘူး။ ဘာလို့လဲမသိဘူး” လို့ သူက ပြောပါတယ်။
ဒီလိုငွေတောင်းခံရာမှာ အထောက်အထားမရှိဘဲ သွားလာတာ၊ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်မရှိတာတွေကို အကြောင်းပြပြီးတောင်းခံတဲ့အပြင် မူးယစ်ရဲတွေကလည်း မူးယစ်ဆေးပစ်ထည့်ပြီး ငွေညှစ်တာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
တာချီလိတ်မြို့က ညဘက်ပိတ်ဆို့စစ်ဆေးမှုတွေမှာ စစ်သားတွေမပါတော့တာဟာ စစ်တပ်ထဲကလူတွေကို တပ်ပြင်ထွက်ခွင့်ပိတ်ပင်ထားတာကြောင့်ဖြစ်ပြီး နိုဝင်ဘာလကစလို့ ရဲနဲ့လဝကသာ အဓိကပါဝင်တော့တာ ဖြစ်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
“အခုရက်ပိုင်း ရဲတွေက ပါဝါပြန်ရလာတယ်လေ။ တပ်က အပြင်ထွက်ခွင့်တွေပိတ်ထားတော့။ အရင်လို တပ်က ဟိုလိုလို ဒီလိုလို လုပ်လို့မရတော့ဘူး။ တပ်တွင်းကအပြင်ထွက်ခွင့်တွေပိတ်ထားတယ်” လို့ သူက ပြောပါတယ်။
တာချီလိတ်အပြင် ကျိုင်းတုံမြို့မှာလည်း ရဲတွေငွေညှစ်တဲ့ကိစ္စတွေအဖြစ်များလာပြီး မူးယစ်ရဲတွေက ဆေးပစ်ပြီးဖမ်းတဲ့ကိစ္စတွေလည်း ရှိတယ်လို့ သိရပါတယ်။