ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်ကတည်းက လူငယ်တစ်ဦးပြန်ပေးဆွဲခံရပြီး ပြန်ပေးငွေတောင်းသလောက်မပေးနိုင်သေးတာကြောင့် လက်ရှိအချိန်ထိ ရိုက်နှက်ခံနေရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
တာချီလိတ်မြို့ပေါ်မှာ စတိုးဆိုင်လေးတစ်ခုဖွင့်ထားတဲ့ အဆိုပါ လူငယ်ကို ဇူလိုင်လ ၃၀ ရက်ည ၉ နာရီဝန်းကျင်ခန့် ဆိုင်ပိတ် အိမ်ပြန်ချိန် လမ်းမှာ ကားပိတ်ရပ်ပြီး ကားပေါ်ချုပ်နှောင် တင်ဆောင်သွားတာလို့ဆိုပါတယ်။
ဇူလိုင် ၃၁ ရက်ညနေပိုင်းမှာတော့ ပြန်ပေးဆွဲခံရတဲ့ လူငယ်ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်လာပြီး ပြန်ပေးငွေကျပ် ၅ သိန်းနဲ့ ပြန်လာရွေးဖို့ ဆက်သွယ်ပြောဆိုလာတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“၃၁ ရက် ညနေပိုင်းလောက် ပြန်ဆက်သွယ်လာတယ်။ လူက သူတို့လက်ထဲမှာလို့ ပြောတယ်။ တစ်ပတ်တစ်ခါတော့ ဖုန်းခဏပြောလို့ရတယ်။ အစက တစ်ရက် နှစ်ရက်ပဲ အချိန်ပေးတာ။ မရရင် သတ်ပစ်မယ်လို့ ပြောတာ။ ပိုက်ဆံအပြည့်ပေးနိုင်မှ ပြန်လွှတ်ပေးနိုင်မယ်လို့ ပြောတယ်” လို့ သူက ရှင်းပြပါတယ်။
ပြန်ပေးငွေကျပ် ၅ သိန်းကို ချက်ချင်းလွှဲပေးခဲ့ပေမယ့် ပြန်မလွှတ်ပေးဘဲ နောက်ထပ် ၃ ရက်ခန့်အကြာမှာ ကျပ်သိန်း ၃၀ ပေးနိုင်မှ ပြန်လွှတ်ပေးနိုင်မယ်ဆိုပြီး ပြန်လည်ဆက်သွယ်လာတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေက စီးပွားရေးအဆင်မပြေတာကြောင့် ပြန်ပေးငွေကို လျော့ပေါ့ပေးဖို့ တောင်းဆိုပေမယ့် လက်မခံဘဲ ပြန်ပေးဆွဲခံရတဲ့ လူငယ်ကို ရိုက်နှက်တာ၊ လက်ကို ပလာယာနဲ့ ညှပ်ထားတာစတဲ့ ဗီဒီယိုတွေကို ရိုက်ကူးပြီး TikTok မှာ တင်နေတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
လက်ရှိမှာတော့ မိသားစုဝင်တွေက ပြန်ပေးငွေအတွက် လိုအပ်တဲ့ ကျပ်သိန်း ၃၀ ဟာ သူတို့အတွက်လွယ်ကူတဲ့ ပမာဏာမဟုတ်လို့ ပေးနိုင်ဖို့ ခက်ခဲနေချိန် ပြန်ပေးဆွဲခံရတဲ့ လူငယ်တစ်စုံတစ်ခုဖြစ်သွားမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်စပ်မြို့တွေမှာ အုပ်ချုပ်ရေးယန္တရားအပြည့်အ၀ မလည်ပတ်နိုင်တာ၊ လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးလာတာတွေကြောင့် တရုတ်နဲ့ ထိုင်းနိုင်ငံက ရာဇဝတ်ဂိုဏ်းတွေကြီးစိုးလာပြီး အခုလို ပြန်ပေးဆွဲခံရမှုတွေ၊ ကား၊ ဆိုင်ကယ်အလုခံရမှုတွေ ဆက်တိုက်ဖြစ်ပွားလာတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးက ပြောပါတယ်။