စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် ယနေ့နံနက် ၄နာရီကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဖွင့်ထားသည့် တာဟန်းရပ်ကွက်အပါအဝင် စက္ကန့်၊မြို့လှ၊ အင်ဒိုင်းကုန်း၊ ကံကြီးကျေးရွာများရှိ စစ်ကောင်စီစခန်းများကို ကာကွယ်ရေးအဖွဲ့များက တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ အခြေအနေတွေက ထုတ်ပြန်ဖို့ ခဏစောင့်ပါဦး”ဟု အဆိုပါတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော CDF-KKG ပြန်ကြားတာဝန်ခံက ပြောသည်။
ကလေးမြို့ပေါ်ရှိ စစ်ကောင်စီ စခန်းနှင့် ကလေးမြို့မြောက်ပိုင်း ကံကြီးကျေးရွာရှိ စစ်ကောင်စီစခန်းတို့ကို အဓိကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်စွဲထားသည့် ကံကြီးကျေးရွာစခန်းကို ကာကွယ်ရေးတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါစခန်းသည် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချထားသည့်နေရာ ဖြစ်သည်။
တိုက်ခိုက်မှုကို ချင်းတော်လှန်ရေးတပ်များဖြစ် သည့် CDF-KKG၊ CNDFနှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် RKDF၊ ကလေးမြို့ခံကာကွယ်ရေးတပ်များနှင့် ကလေး(ပကဖ) များက!ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အရပ်သားပြည်သူများထိခိုက်မှုများရှိသည်ဟုလည်း ကာကွယ်ရေးတပ်များက ပြောသည်။
“မနက်ကတည်းက သေနတ်သံတွေကော၊ လက်နက်ကြီးသံတွေကော ကြားနေရတယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီကတပ်က ကလေးမြို့အနီးအနားကို လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ် နေသည်ဟုလည်း ဒေသခံများက ပြောသည်။