စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် Burma Rangers LPDF အဖွဲ့မှ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသော ရဲဘော် နှစ်ဦး၏ မိသားစုဝင်များအား ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
Burma Rangers အညာဒေသ LPDF အဖွဲ့တွင် ၂၀၂၃ ဧပြီနှင့် ဇူလိုင်အတွင်း အသက်(၁၉)နှစ်အရွယ်ရဲဘော် နှစ်ဦးနှင့် (၃၂)နှစ်အရွယ် ရဲဘော် တစ်ဦး စုစုပေါင်း ရဲဘော် သုံးဦးကျဆုံးခဲ့ကြောင်း၊ အဆိုပါ ရဲဘော်များအားလုံးမှာ လူပျိုလူလွတ်များဖြစ်ပြီး (၃၂)နှစ်အရွယ်ရဲဘော်မှာ မိဘများမရှိတော့ဘဲ မောင်နှမသားချင်းများ အဝေးရောက်နေ၍ (၁၉)နှစ်အရွယ် ရဲဘော် နှစ်ဦး၏ မိသားစုဝင်များအား ကျပ်နှစ်သိန်းစီ ထောက်ပံ့ခဲ့ကြောင်း အဖွဲ့တာဝန်ခံ ကိုအေဓီက ပြောသည်။
“အသက် ၁၉ နှစ် ရဲဘော်တစ်ယောက်က သူ့အဖေအိုကြီးတစ်ယောက်တည်း တောင်သူလုပ်ငန်းကို ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်စားသောက်နေပါတယ်။ နောက်ထပ် အသက် ၁၉ နှစ်ရဲဘော်တစ်ယောက်က မိသားစုဝင် မောင်နှမ ၇ယောက်အပါအဝင် မိဘနှစ်ပါး စုစုပေါင်း ၉ ယောက်မှာ သူအငယ်ဆုံးပါ။ နောက်တစ်ယောက်က အသက် ၃၂နှစ်ကတော့ မိဘတွေ မရှိတော့ပါဘူး။ သူတစ်ယာက်တည်းပဲ လုပ်ကိုင်စားသောက်ခဲ့တာပါ။ မောင်နှမ တွေကလည်း အိမ်ထောင်ရပ်သားကျသွားပြီး တစ်နယ်တကျေးမှာ နေထိုင်နေကြတာပါ။ အခုလောလောဆယ် မိသားစု နှစ်စုကိုထောက်ပံ့ပေးတာပါ။”ဟု ကိုအေဓီက ပြောသည်။
အဆိုပါ ထောက်ပံ့မှုအား အဖွဲ့ပိုင်ရံပုံငွေထဲမှ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Burma Rangers အညာဒေသ LPDF အဖွဲ့သည် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း၌ စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။