ကန်ပိုင်တည် ကုန်သွယ်ရေးဇုန်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကုန်ကားထဲကတချို့ ဒီနေ့ ဇွန် လ ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ဒီနေ့ ကန်ပိုင်တည်မှာ ပိတ်မိနေတဲ့ကားအစီး ၁၀၀ လောက်ပြန်လွှတ်ပေးတယ်။ ကားတွေက ဆင်းလာနေပြီ။ အကုန် ကုန်တင်ထားပြီးသားကားပဲ။ အဆင်းကားတွေပဲ။” လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ကံပိုင်တည်ကုန်သွယ်ရာ လမ်းလျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လမ်းတွေပိတ်ထားတာကြောင်း ကား အစီး ၅၀၀ ခန့် ကံပိုင်တည်မှာ ပိတ်မိနေတာလို့ သိရပါတယ်။
“ပိတ်ထားတာက ပြည်သူ့စစ်ကပါ။ ဝိုင်းမော် ခလရ – ၅၈ တပ်၊ ကံပိုင်တည် ၁၀၀၃ နယ်ခြားစောင့်တပ်နဲ့ ဝေါ်ချုံး ဘက်တွေက စစ်ကောင်စီနဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်တွေက ပိတ်တာပါ။ KIA သိမ်းထားတဲ့ဘနေရာတွေမှာက သွားလာလို့ ရပါတယ်။ လမ်းတွေ ဖွင့်ထားပါတယ်” လို့ နောက်ထပ်ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ ၂ ရက်အတွင်း KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ ဝိုင်းမော်-ကံပိုင်တည် ကုန်သွယ်ရာလမ်းကြောင်းဘက်ရှိ စစ်ကောင်စီ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ပွဲ ပြင်းထန်ရာက လမ်းပိတ်ထားပြီး ဆဒုံး ဗျူဟာ အပါအဝင် စစ်ကောင်စီ စခန်း ၁၉ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။