တိုက်ပွဲတွေကြောင့် မြန်မာဘက်က စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ကျော် ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး မယ်ဟောင်ဆောင်ခရိုင်အတွင်းကို လာရောက်ခိုလှုံနေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
အခုရက်ပိုင်း ကရင်နီဒေသ(ကယားပြည်နယ်) မှာ KNDFနဲ့ PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ဘန်မဲချောင်းရဲစခန်းနဲ့ အခြားစစ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာကြောင့် အခုလိုထွက်ပြေးလာတာလို့ ဆိုပါတယ်။
ထိုင်းဘက်ကိုရောက်လာတဲ့ စစ်ဘေးရှောင် အရေအတွက်စုစုပေါင်းက ၃၃၄၂ ဦးရှိတယ်လို့သိရပြီး ဒီနေ့ဝင်ရောက်လာတာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။
သူတို့ကို ထိုင်းအာဏာပိုင်တွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့အညီ ဘေးကင်းလုံခြုံတဲ့ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ လက်ခံပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းပြည်သူတွေရဲ့ အသက်နဲ့ ပိုင်ဆိုင်မှု၊ လုံခြုံမှုကို ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ထိုင်းလေတပ်က တာ့ခ်ခရိုင်နဲ့ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်တစ်လျှောက် ကင်းလှည့်ပျံသန်းဖို့ လေယာဉ်တွေစုစည်းထားတယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။
အခုနှစ်ဧပြီလအတွင်းမှာလည်း ကော့သောင်းခရိုင်၊ ရှမ်းကိုးရွာဒေသက ပျူစောထီးနှစ်ဦးပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတွေ အကြမ်းဖက်မှာကို စိုးရိမ်ကာ ဒေသခံ ၃၀၀ နီးပါးထိုင်းနယ်စပ်မြစ်ကို ဖြတ်ကျော်ကာ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်အတွင်းကို ထွက်ပြေးခဲ့ဖူးပါတယ်။