စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ခဲ့ပြီး ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ပုလောမြို့နယ်ထဲကရွာတွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာ သုံးပတ်နီးပါးဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ရွာတွေက မင်းထိန်ကနေ မြဒေါင်ရွာအထိ ဖြစ်ပြီး အဲဒီနှစ်ရွာကြားမှာ လက္ကူး၊ မှော်ကြောင်း၊ ပဝတ်ကုန်းနဲ့ ကဒဲ စတဲ့ရွာတွေ ရှိပါတယ်။
အဲ့ဒီရွာတွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေစစ်ကြောင်းထိုးဝင်လာခဲ့တဲ့ ပြီးခဲ့တဲ့လ ဒုတိယအပတ်လောက်ကစပြီး တိုက်ပွဲတွေဖြစ်ပြီးနောက် မကြာခင်မှာပဲ မီးမရတော့တာလို့ ဒေသခံတွေက ပြောပါတယ်။
လျှပ်စစ်ဖြတ်တောက်ခံရတဲ့အတွက် ဒေသခံတွေ အခက်အခဲကြုံတွေ့နေရတယ်လို့ ပဝတ်ကုန်းရွာခံ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“စက်သုံးဆီတွေကလည်း ဈေးမြင့်တက်နေတာရယ်၊ ဝယ်ရ သယ်ယူရခက်ခဲတာကြောင့် လတ်တလောမှာ ရေနံဆီမီးခွက်တွေကိုပဲ အသုံးပြုနေရပါတယ်” လို့ ရွာခံက အမျိုးသားက ပြောပါတယ်။
အလင်းရောင်ရဖို့အတွက် စက်သုံးဆီအပြင် ဖယောင်းတိုင်အသုံးပြုလို့ရပေမဲ့ ပုလောမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဖယောင်းတိုင်ကိုလည်း အများအပြားသယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားပါတယ်။
လျှပ်စစ်မီးဖြတ်ခံထားရတဲ့ ရွာတွေထဲက ပဝကုန်းရွာနဲ့ ကဒဲရွာမှာ လူမနေတော့ဘဲ နီးစပ်ရာပြောင်းရွှေ့ ရှောင်တိမ်းနေခဲ့ကြတာ တစ်နှစ်ကျော်ရှိနေပါပြီ။ စစ်ကောင်စီတပ်တွေ အိမ်တွေကို မီးရှို့တာနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ထွက်ပြေးနေကြရတာပါ။
စစ်ကောင်စီတပ်ဟာ ပုလောမြို့နယ်ကို ဆန်သယ်ယူမှုနဲ့ စက်သုံးဆီဝယ်ယူမှုတွေကို ကန့်သတ်ထားတဲ့အပြင် လျှပ်စစ်မီးဖြတ်တောက်တာတွေကို ထပ်မံပြုလုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။
အခုလက်ရှိမှာဆိုရင် စစ်ကောင်စီတပ်ဟာ ပုလောမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အင်အား ၄၀၀ ဝန်းကျင်နဲ့ တပ်ဖြန့်ထားပြီး စစ်ရေးတင်းမာနေပါတယ်။