တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတဲ့ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာက စစ်ကောင်စီတပ်စခန်းဆီကို စစ်ကူတွေ ထပ်ဝင်လာနေတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
မင်းဂုတ်ရွာက စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေရှိတဲ့စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဒီနေ့မနက်မနက် ၆ နာရီလောက်ကစပြီး ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
မနက် ၁၀ နာရီလောက်မှာတော့ မြိတ်မြို့ဘက်ကနေ စစ်ကောင်စီတပ်သားအင်အား ၁၀၀ နီးပါး ကျွန်စုမြို့နယ်ဘက်ကို စစ်ကူ ရောက်လာနေတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ မင်းသန်းလှေဆိပ်ကနေ မောင်းလှော်ရွာလှေဆိပ်ကို ကူးပြီး အဲဒီကတဆင့် တိုက်ပွဲဖြစ်ပွားနေတဲ့ မင်းဂုတ်ရွာကို ဆက်သွားနေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
“တိုက်ပွဲက အခုထိလည်းဖြစ်နေတုန်းပဲ။ လက်နက်ကြီးသံပစ်တာလည်း မငြိမ်သေးဘူး” လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်က အခုမွန်းလွဲ၂ နာရီခွဲလောက်ကပြောပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။
တိုက်ပွဲကြောင့် မင်းဂုတ်ရွာနဲ့ မောင်းလှော်ရွာက ဒေသခံတွေ ကုန်းလမ်း၊ ရေလမ်းအသီးသီးကနေ နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။
အခုတိုက်ပွဲဖြစ်ပွားနေတဲ့ မင်းဂုတ်ရွာဟာ ပျူစောထီးအားကောင်းတဲ့ရွာဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းမှာပဲ ရွာသားတွေကို မဲနှိုက်ခိုင်းတာ မဲပေါက်တဲ့သူကို ပျူစောထီးလုပ်ခိုင်းတာတွေရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာလည်း မင်းဂုတ်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်ခဲ့ဖူးပါတယ်။