ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဖုန်းလိုင်းတွေ အားလုံး ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ဒီကနေ့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ Ooredoo၊ Mytel၊ Atom ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့ပြီး Mpt လိုင်း အသုံးပြုလို့ ရပေမယ့် ဒီနေ့ မနက်မှာတော့ Mpt လိုင်းတွေပါ ပြတ်တောက်သွားပြီလို့ ဆိုပါတယ်။
“အိမ်နဲ့လည်း ဆက်သွယ်လို့ မရတော့ဘူး။ ဖုန်းလိုင်းတွေ မမိတော့ဘူး ထင်တယ်။ သူတို့ အဆင်မှ ပြေရဲ့လား မသိဘူး။ ၃ လအရွယ် ကလေးနဲ့ သူ့အမေ ကျန်နေခဲ့တယ်။ စိတ်ပူနေပြီ”လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေတဲ့အပြင် လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေလို့ ပြည်သူ ၇၀ ကျော်သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိတဲ့အပြင် နေအိမ် ထိခိုက်ပျက်စီးမှု များပြားတယ်လို့ သိရပါတယ်။
လက်ရှိ လွိုင်ကော်မြို့ကနေ စစ်ဘေးရှောင်နေတဲ့ ပြည်သူ ၄၀,၀၀၀ ကျော် ရှိနေပြီး မြို့တွင်း ပိတ်မိနေတဲ့ ပြည်သူ အများအပြား ရှိနေသေးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်က စတင်ခဲ့တဲ့ မြို့တွင်း တိုက်ပွဲတွေကြောင့် မိသားစုတွေ တကွဲတပြား စစ်ဘေးရှောင် နေရလို့ အဆက်အသွယ် ပြတ်တောက်နေသူတွေ အခုလို ဖုန်းလိုင်းတွေ ပြတ်နေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။