ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားပြီးနောက် အခြေခံစားသုံးကုန်ဖြစ်သော ဆန်၊ ဆီ၊ ဆား နှင့် စက်သုံးဆီများ တဟုန်ထိုးဈေးတက်သွားသလို ဆက်သွယ်ရေးလိုင်းများလည်း အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ထားပေးကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောသည်။
ကွတ်ခိုင် – မူဆယ်လမ်းနှင့် ကွတ်ခိုင် – လားရှိုးလမ်းများကိုလည်း ပိတ်ပင်ထားသည်ဟုဆိုသည်။ ဆန်ကြမ်းတစ်အိတ်ဈေး တစ်သိန်းနှစ်သောင်းဈေးရှိနေပြီး ဆန်ကောင်များမှာ တစ်အိတ်လျှင် နှစ်သိန်းထိ ဈေးတက်သွားကြောင်း ဒေသခံက ပြောသည်။
“အဓိကတော့ ဆန်ပဲ၊ ဆန်ကအခု ဆန်ကြမ်းတစ်အိတ်တောင် တစ်သိန်းနှစ်သောင်းဖြစ်နေပြီ။ ၈၈၁ နဲ့ ၅၀၂ ဆန်တွေဆို တစ်အိတ်မှာ တစ်သိန်း ခုနှစ်သောင်း/ရှစ်သောင်း ရှိတယ်။ အိတ်ပြည့်ဆိုရင် နှစ်သိန်းထိရှိတယ်။”ဟု ဆိုသည်။
အခြားစားသုံးဆီ၊ ဆားများလည်း အသီးသီးဈေးတက်နေသလို စက်သုံးဆီလည်း အဆမတန်ဈေးတက်သွားကြောင်း သိရသည်။
“ဓါတ်ဆီက တစ်လီတာ နှစ်သောင်း၊ ဆယ်လီတာ တစ်ပုံးကို နှစ်သိန်း၊ ဒီဇယ်ကတော့ တစ်လီတာကို တစ်သောင်း တစ်ပုံးကို တစ်သိန်း”ဟု ကွတ်ခိုင်ဒေသခံတစ်ဦးက ဆိုသည်။
KIO ၏ ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးရုံးက စားသုံးကုန်ပစ္စည်းနှင့် စက်သုံးဆီများကို စျေးနှုန်းအဆမတန် တင်ရောင်းခြင်း၊ ကုန်ပစ္စည်းရှိလျက်နှင့် ရောင်းချပေးရန် ငြင်းဆန်ခြင်း၊ ဝယ်ယူသုံးစွဲသူများအနေဖြင့်လည်း လိုသလောက်သာ ဝယ်ယူကြရန်နှင့် စျေးနှုန်းအဆမတန် ရောင်းချနေသောဆိုင်များကို တိုင်ကြားရန်ဟုဆိုကာ အောက်တိုဘာ ၃၁ ရက်နေ့၌ သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။