ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းမှ လူငယ် ၆၀ ဦးထက်မနည်းကို ပြီးခဲ့သည့်နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ကောင်စီတပ်မှပေါ်တာဆွဲကာ ရက်တိုစစ်သင်တန်းပေးနေကြောင်းသတင်းရရှိသည်။
လပွတ္တာမြို့အနီးရှိ သင်္ကန်းကြီး၊ ဘိုကုန်း ၊ ပျဥ်ထောင်တွင်း ကျေးရွာများမှ တစ်ရွာလျှင် လူငယ် ၂၀ဦးစီဖြင့် လူငယ်၆၀ဦးကို စစ်ကောင်စီတပ်မှ လိုက်လံပေါ်တာဆွဲမှုများ ပြုလုပ်နေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
“သင်္ကန်းကြီး၊ ဘိုကုန်း ၊ ပျဥ်ထောင်တွင်း ကျေးရွာတွေကို တစ်ရက်ထဲနဲ့ ပေါ်တာဆွဲသွားတာ ။ တစ်ရွာကိုအယောက်နှစ်ဆယ်လောက်ရှိမယ်။ကျွန်တော်တို့ရွာကအယောက်နှစ်ဆယ်ပါသွားတယ်”ဟု သင်္ကန်းကြီးကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့ကဲ့သို့ ပေါ်တာဆွဲခံရသည့် ကျေးရွာသားများကို ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းသို့ ခေါ်ဆောင်ကာ ရက်တိုစစ်သင်တန်းပေး၍ ရှေ့တန်းစေလွှတ်ရန် စီစဉ်နေကြောင်း တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
“လပွတ္တာကနေ ပေါ်တာဆွဲလာတဲ့သူတွေ အခုစစ်သင်တန်းပေးနေတယ်။ တစ်ပတ်ခွဲပဲကြာမယ်။ ပြီးတာနဲ့ကုန်အရှေ့တန်းပို့မှာ။ တိုင်းစစ်ကောင်စီနဲ့ နတခ ကညွှန်ကြားတာဆိုတော့မလုပ်လို့မရဘူး။ သေချာတာက တပ်ထဲမှာ လူအင်အားထိန်းတဲ့သဘောနဲ့ပေါ်တာဆွဲနေတာ” ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်သတင်းအရင်းအမြစ်ကဆိုသည်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင်စက်တင်ဘာလ၊အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေပြီး မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျိုတ်လတ်၊ မော်ကျွန်း ၊ ဒေးဒရဲ၊င်္ဟသာတ အစရှိသည့် မြို့နယ်များတွင် ကြုံတွေ့နေရကြောင်း ဒေသခံများထံက သိရသည်။