ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တနေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဇန်နဝါရီလ ၂၀ ရက် မနက်အာရုဏ်ဦး ၁၂ နာရီကျော်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
မနက်အစော ၁၂ နာရီ ၁၇ မိနစ်အချိန်မှာ လေကြောင်းကနေ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး အနီးနားဝန်းကျင်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်များစွာ ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ထတုန်းရှိသေးတယ်၊ လေယာဉ်က ထိုးဆင်းလာပြီး တလုံးပြီးတလုံးဆင့်ပြီးကြဲတယ်။ ကျွန်တော်တို့လဲကြောက်ပြီး ဗုံးကျင်းထဲ ဝင်ပြေးကြတယ်။ ဗုံးအစတွေလာစင်တာတွေတော့ရှိတယ်” လို့ စစ်ဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေထိခိုက်မှုမရှိပေမယ့် ဗုံးအစတွေစင်တာကြောင့် စစ်ဘေးရှောင်ရိက္ခာဂိုဒေါင်ပျက်စီးတာ၊ အိမ်ခေါင်မိုးအချို့ ပေါက်ပြဲတာ၊ ပြတင်းပေါက်မှန်တွေကွဲတာတွေရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ် မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ ဒေါတမငယ်ကျေးရွာအနီးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။