တနင်္သာရီမြို့နယ်မှာရှိတဲ့ အရှေ့မော်တုန်းအခြေစိုက် အမြောက်တပ်က တပ်အနီးတဝိုက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ရွာသားတစ်ဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲဖြစ်ပွါးမှု မရှိဘဲ စက်တင်ဘာ ၂၄ ည ၈ နာရီလောက်မှာ အမြောက်တပ် အမတ (၃၀၆) တပ်ရင်းက သူတို့တပ်အနီးတဝိုက်က ရွာတွေကို ၈၁ မမ လက်နက်ကြီးနဲ့ အချက်ရေ ၁၀ ချက်ကျော်လောက် ပစ်ခတ်ခဲ့ပါတယ်။
အဲဒီလက်နက်ကြီးကျည်တစ်လုံးဟာ အရှေ့မော်တုန်းကျေးရွာအုပ်စုထဲက အိမ်တစ်ဆောင်ရှေ့ကိုကျရောက်ခဲ့လို့ အသက် ၃၀ ကျော်အရွယ် ကိုတီငယ်ဆိုသူ လက်နက်ကြီးကျည်ထိမှန်ပြီးသေဆုံးခဲ့တာပါ။
“သူကလက်နက်ကြီးပစ်သံကြားလို့ အိမ်ရှေ့တံခါးထွက်ပိတ်တာ။ အဲဒီအချိန်ကွက်တိ လာကျပြီးထိတာ။ အူတွေပါထွက်သွားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးထိမှန်ပြီးနောက် ဆေးရုံကိုပို့ဆောင်ဖို့စီစဥ်ခဲ့ပေမဲ့ မိနစ်ပိုင်းအတွင်းမှာပဲ သွေးလွန်ပြီး နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
လက်နက်ကြီးထိမှန်ခဲ့တဲ့ ကိုတီငယ်ရဲ့နေအိမ်ဟာ လက်နက်ကြီးပစ်ခတ်တဲ့ အမြောက်တပ်ရင်းနဲ့ တမိုင်မပြည့်တဲ့အကွာအဝေးလောက်မှာ ရှိနေတာလို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ကိုတီငယ်ရဲ့ နေအိမ်အပါအဝင် ဒေသခံနောက်တစ်ဦးရဲ့ နေအိမ်တစ်ဆောင်လည်းပျက်စီးခဲ့ပါတယ်။
မနေ့ညကပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်တွေဟာ အရှေ့မော်တုံး၊ ဇလုံး၊ ထုံနွယ်၊ ဘန်းလမွတ် စတဲ့ရွာတွေဘက်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။