ချင်းပြည်နယ် မင်းတပ်မြို့နယ် တစ်နေရာကို စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။
ဧပြီ ၁၇ရက် ညပိုင်းတွင် တံတားဦးလေတပ်မှ တိုက်လေယာဉ် ၂စီးသည် မင်းတပ်မြို့နယ် အမှတ် (၁၃) ဒိုင်နယ်တစ်နေရာကို အကြောင်းမဲ့ လေးကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
” ထိခိုက်ပျက်ဆီးမှုအသေးစိပ်ကိုမသိရသေးဘူးဗျ။ ဆက်သွယ်နေတုန်း အဲဒီဘက်က ဆက်သွယ်မှု ခက်တယ်။ ပလက်၀နဲ့လည်းနီးတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲမရှိဘဲ မည်သည့်အတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်ကို မခန့်မှန်းတက်ဟုလည်း မင်းတပ်ဒေသခံက ပြောသည်။
“ဘာတိုက်ပွဲမှာမရှိဘဲ ပစ်နေတာပါ။ အရပ်သားထိခိုက်တာရှိပါတယ်။ နေအိမ်တွေပျက်စီးတာလည်းရှိတယ်။ အခုလည်း လေယာဉ်လာနေလို့ ပုန်းရအုံးမယ်”ဟု မင်းတပ်မြို့ခံတဦးက ယနေ့(ဧပြီလ ၁၈ရက်)နံနက်ပိုင်းပြောသည်။
ထို့အပြင် မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)က ဧပြီ ၁၇ ရက်နေ့က လက်နက်ကြီးဆယ်ကြိမ်ထက်မနက်ပစ်ခတ်ခဲ့ရာ စံပြရပ်ကွက်၊ ဘဝသစ်ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချုပ်လက်နက်ကြီးစထိမှန်ပျက်စီးခဲ့သည်။ ထို့အပြင် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးဒဏ်ရာရခဲ့ပြီး စိတ်ကူးသမှုခံယူနေရကြောင်း မြို့ခံများကပြောသည်။
ည ၉နာရီခန့်တွင် မင်းတပ်မြို့နယ် အမှတ် (၁၃) ဒိုင်နယ် တစ်နေရာကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုမှုကိုမသိရှိရသေးပေ။
မင်းတပ်မြို့တွင် ဧပြီလ ၁၆ရက်က ပစ်ခတ်မှုအချို့ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက အရပ်သားပြည်သူများအားပစ်မှတ်ထား၍ ရမ်းသမ်းပစ်ခတ်နေခြင်းဟု ချင်းကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ယခုနှစ်ဆန်းအတွင်း မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ သုံးလကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၃၀ခန့်၊ လက်နက်ကြီးပစ်ခတ်မှု အများအပြားပြုလုပ်ခဲ့ကြောင်း ဒေသခံနှင့် မင်းတပ် CDF တပ်ဖွဲ့တို့၏ အသိပေးချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။
ထို့ပြင် လေကြောင်းတိုက်ခိုက်မှုအတွင်း မင်းတပ် CDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရကြောင်းလည်း CDF-မင်းတပ်က အသိပေးထားသည်။