မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ယနေ့ (ဇွန်လ ၂၀ရက်) ညနေပိုင်းက စစ်ကောင်စီသည် ဂျက်လေယာဥ် (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
TNLA တပ်မဟာ(၂)စစ်ဒေသ မိုးကုတ်မြို့နယ်၊ ဟိုဝိတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်ပြီး ဟိုဝိတ်ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်တစ်လုံးထိခိုက်ကာ ဒေသခံတစ်ဦး ဒဏ်ရာရခဲ့ကြောင်းဖော်ပြသည်။
ဇွန်လ ၁၉ရက်ကလည်း မိုးကုတ်မြို့နယ် ဖြူရောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆလောင်းတောင်အနီး နှင့် ညောင်ကုန်းရွာသို့ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် တွင်လည်း လက်နက်ကြီးပစ်ခတ်မှု ဆက်လက် လုပ်ဆောင်ခဲ့ဟု အသိပေးသည်။ နောင်ချိုမြို့နယ်၊ အုမ္မတီးရွာ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်းတွင်း ဆမ္မဆယ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ဆမ္မဆယ်ရွာအနီးတွင် TNLA တပ်စခန်းရှိပြီး စစ်ကောင်စီတပ်က ပြီးခဲ့သည့် ရက်များတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ TNLA တပ်ဖွဲ့ဝင်အချို့ ကျဆုံးထိခိုက်ရှိခဲ့သည်။
ဇွန်လ ၁၈ ရက်မှ ဇွန်လ ၂၀ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် TNLAတပ်ဖွဲ့ဝင် သုံးဦးကျဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ပြင် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား လေးဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ နှင့်ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု အသိပေးထားသည်။
TNLAနှင့် ညီနောင်မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေးကို နှစ်လကျော်ကြာ ဆင်နွှဲပြီး စစ်ကောင်စီတပ်စခန်းများ၊ မြို့များကို သိမ်းပိုက်ပြီးနောက် ၂၀၂၄ ဇန်နဝါရီတွင် တရုတ်၏ ကြားဝင်မှုဖြင့်စစ်ကောင်စီတပ်နှင့်အပစ်ရပ်စဲခဲ့သည်။ထိုသို့ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု၊ ဒရုန်းဖြင့် တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိပြီး ဇွန်လအတွင်း တိုက်ခိုက်မှု ပိုမိုပြုလုပ်လာကြောင်း TNLA၏ ထုတ်ပြန်ချက်များ၌ တွေ့ရသည်။