ကချင်ပြည်နယ် မံစီမြို့နယ်ရှိ ဟန်ထက်ကျေးရွာကို စစ်ကောင်စီက ယမန်နေ့(ဇွန်လ ၁၆ရက်) ညပိုင်း၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“လူမထိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။ လူထိခိုက်မှုမရှိသော်လည်း နေအိမ်အချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။
ဇွန်လ ၁၆ရက် ည ၁၀နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဟန်ထက်ကျေးရွာကို စစ်ကောင်စီက လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီသည် အချိန်၊ နေရာမရွေး မကြာခဏ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့် သတိထားနေထိုင်ကြရန်လည်း သတင်းရင်းမြစ် က တိုက်တွန်းထားသည်။
KIAသည် ဟန်ထက်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ယခုနှစ် ဧပြီလဆန်းက တိုက်ခိုက် သိမ်းပိုက် ထားသည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ ဆုံးရှုံးထားသည့် နေရာဒေသများရှိ အရပ်သားနေထိုင်ရာများသို့ ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို နေရာဒေသအသီးသီး၌ လုပ်ဆောင်လျက်ရှိသည်။