စစ်ရေးတင်းမာမှုတွေနဲ့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့အခြေအနေတွေကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ကလမ်းတွေကို ညအချိန်မသွားလာဖို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တားမြစ်လိုက်ပြီး လုံခြုံရေးအရအနီရောင်အဆင့်သတ်မှတ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
ညအချိန်သွားလာခွင့် တားမြစ်ထားတာကတော့ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း လမ်းပိုင်းနဲ့ တနင်္သာရီ- ညောင်ပင်ကွင်းလမ်းပိုင်းတို့ဖြစ်ပါတယ်။
“အဓိကကတော့ စစ်ရေးတင်းမာနေလို့ပါ။ သူတို့အင်အားကလည်းအရမ်းများတယ်။ လမ်းတလျှောက်မှာက တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တဲ့အခြေအနေပါ” လို့တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးကပြောပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာ အခုလက်ရှိစစ်ရေးတင်းမာမှု မြင့်တက်လာနေပြီး စစ်ကောင်စီဘက်ကလည်း လက်နက်အင်အား၊ လူအင်အားတွေ ဖြည့်တင်းနေတယ်လို့သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ မြိတ်ခရိုင်တပ်ရင်း ၂ ရဲဘော်တစ်ဦးကတော့ “သူတို့ကတပ်ရင်းတွေမှာ အင်အားတွေထပ်ဖြည့်ထားတယ်။ ခမရ (၅၆၁) တပ်ရင်းတခုတည်းတင် အင်အား ၁၀၀ လောက်ရောက်နေတယ်လို့ကြားတယ်” လို့ပြောပါတယ်။
အလားတူ တော်လှန်ရေးတပ်တွေဘက်ကလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေဆောင်ရွက်ထားပြီးဖြစ်တယ်လို့ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
နေ့ဘက်မှာလည်းသတိပြုသွားလာဖို့နဲ့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေနဲ့ ယာဉ်တန်းများအနီးက သွားလာတာကို ရှောင်ရှားကြဖို့၊ သွားလာချိန် ကားကိုမှန်ချမောင်းနှင်ကြဖို့လည်း ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။
တနင်္သာရီမြို့နယ်က ဘန်းလမွတ်ကျေးရွာမှာလည်း မနေ့ကညနေပိုင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ ရွာထဲက နေအိမ် ၃ ဆောင်ကိုမီးရှို့ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရင်းတွေကလည်း ကျေးရွာတွေဘက်ကိုလက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေ နေ့တိုင်းနီးပါး ပြုလုပ်နေတယ်လို့သိရပါတယ်။