မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ ဒီနေ့ ညနေ ၆ နာရီအချိန်ခန့်က လက်နက်ကြီး ဒါမှမဟုတ် ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရပြီး အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)အတွင်း ၆၂ နှစ်ပြည့် တိုင်းမွေးနေ့ပွဲ ကျင်းပနေစဉ် လက်နက်ကြီး နှစ် လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နောက် တစ်လုံးဟာ တိုင်းအရှေ့ရခိုင်ကုန်ဈေးအနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“လက်နက်ကြီး နှစ်လုံး အရင်ကျတာ၊ ပြီးမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်အသံတွေ ဆက်တိုက်ကြားနေရတယ်၊ အုမ်း အုမ်း ဒိုင်း ဒိုင်းနဲ့ပဲ၊ ဘယ်သူမှ အပြင်မထွက်ရဲဘူး”လို့ ရခိုင်ကုန်းဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ည ၆ နာရီခွဲအချိန်မှာ ပြောပါတယ်။
နောက်ထပ် ဒေသခံတစ်ဦးရဲ့ အဆိုအရ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ ဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာ ဖြစ်ပြီး ဒရုန်းလာရာ လမ်းကြောင်းကို သေနတ်နဲ့ လိုက်လံပစ်ခတ်ပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပေါ်ထွက်လာတာလို့ ပြောဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ မွေးနေ့ပွဲကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က စီးပွားရေး လုပ်ငန်းရှင်တွေအပြင် စစ်ကောင်စီရဲ့ အပေါင်းအပါတွေလည်း တက်ရောက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုနဲ့ အဆောက်အဦး ပျက်စီးမှု ရှိ မ ရှိ သံလွင်တိုင်းမ်အနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် မော်လမြိုင်မြို့အဝင်အထွက် နေရာတွေမှာ စစ်ကောင်စီဘက်က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲတဲ့ မတ်လတုန်းကလည်း ဒရုန်းဖျက်စနစ်တွေ တပ်ဆင်ထာတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် မောင်းသူမဲ့လေယာဉ်ငယ်နဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦးတချို့ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ထားပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် စစ်ကောင်စီဟာ ဗိုလ်ချုပ်မြတ်သက်ဦးကို ရာထူးကနေ အနားပေးပြီးနောက် ရန်ကုန်အခြေစိုက် အမှတ်(၁၁) တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းကို တိုင်းမှူးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။