ချင်းပြည်နယ် တီးတိန်မြို့ မေလ ၂၇ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်ချက်ကြောင့် ပြည်သူအချို့ သေဆုံးထိခိုက်ရှိခဲ့ပြီး နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း ချင်းညီနောင်အဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)-ဇိုလဲန်း(Zoland) တာဝန်ရှိသူတစ်ဦးက ပြောသည်။
တီးတိန်မြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများကို ချင်းညီနောင်က မေလ ၂၆ရက်ညပိုင်း၌ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မေလ ၂၇ရက်တွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို သိမ်းနိုင်ခဲ့သည်။စစ်ကောင်စီတပ်က ၆ဦးသေဆုံးကာ ၉ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့လည်း ကျဆုံးခဲ့သည်။ ညနေပိုင်းတွင် စစ်ကောင်စီတပ်က မြို့ကို မီးရှို့ခဲ့၍ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်ဟု ချင်းညီနောင် သတင်းရင်းမြစ်က ပြောသည်။
” မြို့မရပ်ကွက်က နေအိမ် ၃၀ကျော်ပါသွားတယ်။ ညတုန်းက မိုးရွာလို့ မီးငြိမ်းနေပြီ။ ပြည်သူ သတ်လတ်ပိုင်း နှစ်ဦးသေဆုံး၊ တစ်ဦး ခြေထောက်ပြတ်တယ်။ လက်နက်ကြီးထိလို့ သေတာပါ။။စကစ ပစ်တဲ့လက်နက်ကြီး ဟုတ်ပါတယ်”ဟု PDF ဇိုလဲန်း တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် တီးတိန်မြို့ပေါ်၌ တိုက်ပွဲ ငြိမ်သက်နေကြောင်းလည်း ၎င်းက အသိပေးသည်။
ချင်းသတင်းရင်းမြစ်တစ်ဦးကလည်း ယခုကဲ့သို့ တိုက်ပွဲငြိမ်သက်နေခြင်းမှာ စစ်ကောင်စီက မြို့ကို မီးရှို့နေ၍ ချင်းညီနောင်တပ်ဖွဲ့ဝင်များက စစ်ရေးဖော်ဆောင်မှု ဆက်လက်မပြုလုပ်ခြင်းဖြစ် နိုင်သည်ဟု သုံးသပ်သည်။