ချင်းပြည်နယ် တီးတိန်မြို့ပေါ်မှာယမန်နေ့ ဩဂုတ်လ ၁၇ ရက်ညက တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ်လူနေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တီးတိန်မြို့ ဒေသခံတစ်ဦးက “မနေ့ည ၁၁ ကျော်ဝန်းကျင်လောက်ကနေ ၁ နာရီလောက်ထိ ဆက်တိုက် အမြောက်ကြီးနဲ့ တောက်လျောက်ပစ်တယ် သေနတ်သံက တစ်ချက်တစ်ချက် ကြားရတယ် မြို့နာရီစင်နားက နေအိမ် ၂ အိမ်လုံးရယ် မြို့မရပ်ကွက် အောက်ပိုင်းနားက ဘုရားကျောင်းနားက နေအိမ် ၂ လုံးထိတယ် လူထိခိုက်တော့ မရှိဘူး ထိခိုက်တဲ့ အိမ်တွေမှာကလည်း လူနည်းနည်းနေတဲ့ အိမ်ဖြစ်လို့ မဟုတ်ရင် ထိဖို့များတယ်” လို့ပြောပါတယ်။
တီးတိန်မြို့ပေါ် မြို့မရပ်ကွက်တောင်ထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။
ယမန်နေ့ညမှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ တောတောင်တွေထဲကိုလည်း ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်လို့ ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဖလမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာမျိုးတွေရှိခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အခုလို စိုးရိမ်လို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ထင်မြင်နေကြပါတယ်။