ဇွန် ၁၆ ရက်နေ့မှာတီးတိန်မြို့က Saimual တောင်ကုန်းမှာ စစ်ကောင်စီတပ်က ခရီးသွားများကို စစ်ဆေး မေးမြန်းပြီး ဖုန်းဆင်းမ်းကဒ် များကို ဖြုတ်ခိုင်းပြီး သိမ်းဆည်း သွားတယ်လို့ ခရီးသွား ပြည်သူများ ရဲ့ ပြောဆိုချက် အရ သိရပါတယ်။
“အင်အား ၁၀၀ လောက် ရှိမယ် လို့ ထင်တယ်။ ဖုန်းတော့ မသိမ်းဘူး၊ Sim Card ပဲ သိမ်းသွားတယ်။ လူကို ဖမ်းတာမျိုးတော့ မရှိဘူး” လို့ ခရီးသွား တစ်ယောက် က ပြောပါတယ်။
“ဒီကနေ့ ဇွန် ၁၇ ရက်နေ့ မှာတော့ ကနေဒီ အနောက်ဘက် ဂျပန်လမ်းဟောင်း မှာ စစ်သားတွေ ချီတက်တာ တွေ့ရတယ်။ အဲကွင်းလမ်းဘက်ကို လိုက်ပြီး ပြည်သူတွေ အနေနဲ့ လတ်တလော ကာလမှာ ခရီးမသွား သင့်ဘူး” လို့ ဒေသနေ ပြည်သူ တစ်ဦးလည်း ပြောပါတယ်။
‘ကလေးမြို့ ကနေလည်း စစ်ကား သုံးစီး တက်သွားတယ်။ ပြည်သူတွေ အနေနဲ့ တောင်ပေါ်ဘက် ခရီး သွားများ ဆိုရင် သတိ အကြီးကြီး ထားသင့်တယ်’ ဆိုတဲ့ သတင်းတွေ ထွက်နေတယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသား ကြပါတယ်။
“လေသာ တောင်တန်း တကြောရှိ နေရာ တစ်ခုခုကို ဦးတည် စစ်ကြောင်းထိုးဖို့ ပြင်ဆင်တာ ဖြစ်နိုင်တယ်” လို့လည်း တချို့က သုံးသပ် ကြပါတယ်။
ယခု သတင်းတွေထွက်နေတာကြောင့် တီးတိန်မြို့ ပြန်မယ့်စစ်ဘေးရှောင် တချို့ဟာ အစီအစဉ်တွေ ဖျက်သိမ်း ခဲ့ကြတယ်လို့သိရပါတယ်။