ချင်းပြည်နယ်၊ တီးတိန်မြို့မှာ အင်တာနက်ဖုန်းလိုင်းတွေ အောက်တိုဘာလ (၄) ရက်နေ့ကစပြီး ပြန်လည်ရရှိ လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်နှစ် ကျော်လောက်ကြာအောင် အင်တာနက် ဖြတ်တောက်ခံထားရတဲ့ တီးတိန်မြို့မှာ အခုမှ အင်တာနက်လိုင်းပြန်လည် ရရှိတာဖြစ်ပါတယ်။
“မနေ့က နေ့လည်ပိုင်းကစပြီး ပြန်ရတာပဲ။ 4Gရတယ်လေ။ အခုလောလောဆယ်တော့ MPTပဲ ရသေးတယ်။ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့ကလည်း တီးတိန်မြို့မှာ အင်တာနက် ခဏတာ ပြန်ရခဲ့သေးတယ်လို့ ဆဒသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီး ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာ လည်းအင်တာနက်လိုင်း ပြန်ရခဲ့ပါတယ်။
ချင်းပြည်နယ်မှာ ခုခံတော်လှန်ရေး အားကောင်းလာချိန်မှာ စစ်ကောင်စီက သတင်းအမှောင်ချဖို့ အင်တာနက်ဖြတ်ခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာလကစပြီး ဟားခါးမြို့ကလွဲပြီး တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ထန်တလန်၊ ပလက်၀ စတဲ့ မြို့နယ်တွေကို အင်တာနက်လိုင်း ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။