မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူများက အသက်၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးအပါအဝင် အမျိုးသမီး၄ ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ည ၁၀ နာရီကျော်ခန့်က မြင်းခြံမြို့နယ်၊ တူးရွင်းဘို့ကျေးရွာနေ အမျိုးသမီးလေးဦးအား စစ်ကောင်စီတပ်နှင့်ပျူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ် သည်။ထို့နောက် ဇန်နဝါရီလ၂၉ ရက်နေ့နံနက်၆ နာရီခန့်တွင် မြင်းခြံ-တံတားဦးလမ်းပေါ်၊ ဓူဝံရွာလမ်းဆုံအနီး၌ တူးရွင်းဘို့ရွာ ကဖမ်းဆီးခေါ်ဆောင်သွားသည့် အသက်၆၀နှစ်အရွယ် ဒေါ်ညွှန့်မေ၊ ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၂၈ နှစ်အရွယ် မဇင်မာတင့်၊ အသက်၂၅ နှစ်အရွယ် မအိမေဂျာတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း မြင်းခြံပကဖအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“၄ ယောက်လုံး ထပ်ရပ်ကလေးတွေ သေဆုံးနေတာကို တွေ့ခဲ့ရတယ်။ အဓိကကတော့ ပျူတွေပေါ့ဗျာ။ ရွာခံပါတယ်။ သူတို့နဲ့သွားခေါ်တယ်။ ခေါ်တဲ့အချိန်မှာ ဒီတိုင်းပဲခေါ်သွားတယ်ထင်တာ။ စစ်လားမေးလားလို့ ထင်ကြတာ။ ဒါပေမယ့် သိပ်မကြာဘူး သေနတ်သံကြားလိုက်ရတယ်ပြောတယ်။ နောက်ရက်မနက်မှာ လမ်းဘေးမှာ အလောင်းလေးလောင်းတွေ့တယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မည်သည့်အတွက်ကြောင့် စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ် ရခြင်းဖြစ်သည်ကိုမူ မသိရသေးကြောင်း ဒေသခံများကဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မြင်းခြံမြို့နယ်၊ မကျီးသမျှားရွာသွားသည့်လမ်းတွင် စစ်ကောင်စီတပ်က လူငယ်အမျိုးသား ၅ဦးအား သတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့သေးသည်။ ထိုကြောင့် မြင်းခြံမြို့နယ်တွင်စစ်ကောင်စီတပ်က ၃ ရကိအတွင်း ပြည်သူ ၉ ဦးကိုသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့ နယ်များတွင် စစ်ကောင်စီတပ်နှင့်ပျူများသည် အာဏာသိမ်းကာလတလျှောက် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ်ခဲ့ကြောင်းဒေသခံများကပြောသည်။