ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ရှိ မြို့မစခန်းမှူးသည် စခန်းစွန့်ခွာထွက်ပြေးသွား၍ စစ်ကောင်စီတပ်က လိုက်လံရှာဖွေနေကြောင်းမြို့ခံများထံမှသတင်းရရှိသည်။
တောင်ကုတ်မြို့မစခန်းမှူး ဒုတိယရဲမှူး စန်းညွှန့်သည် ဧပြီ ၃ ရက်နေ့တွင် ထွက်ပြေးသွားခြင်းဖြစ်သည်။
“သူက သိပ်ပြီး ဟော့ဟော့ရမ်းရမ်းမရှိပါဘူး။ အခုက သူထွက်ပြေးသွားတော့ စစ်တပ်က ခရိုင်ရဲမှူးကို ဖိအားပေးနေတယ်။ သေနတ်တွေထားပြီး ပြေးတာ။ခရိုင်ရဲမှူးလည်းခေါင်းမီးတောက်နေတယ်” ဟု မြို့ခံသတင်းမြစ်တဦးကပြောသည်။
တောင်ကုတ်ခရိုင်ရဲတပ်ဖွဲ့မှူးမှာ ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်ဖြစ်ပြီး သဘောထားတင်းမာသူဖြစ်ကြောင်း၊ စစ်တပ်မှပြောင်းရွှေ့လာသူဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များအား ဖိနှိပ်ဆက်ဆံသူဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်ဖူးသည့် ရဲတပ်ဖွဲ့ဝင်တဦးကပြောသည်။
ထွက်ပြေးလွတ်မြောက်သွားသည့် ဒုတိယရဲမှူးစန်းညွှန့်သည် တောင်ကုတ်မြို့မရဲစခန်းတွင် တာဝန်ကျနေသည်မှာ သုံးနှစ်ခန့် ရှိနေပြီး ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်-AA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအထိနာနေစဉ် ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခြင်းများရှိသလို တစ်ဦးချင်းထွက်ပြေးသည့်ဖြစ်စဉ်များလည်းရှိနေသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းကလည်း ကျောက်ဖြူနှင့်စစ်တွေမြို့မှ ရဲတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားသည်ဟု ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှသိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်းပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ရဲအုပ်ကျော်စိုးအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၃ဦးသည် AAထံ လက်နက်ချအလင်းဝင်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များ ရက္ခိုင့်တပ်တော်(AA)ထံ လက်နက်ချအလင်းဝင်ကြရန် ရဲအုပ်ကျော်စိုးအောင်က ရုပ်သံမှတဆင့် တိုက်တွန်းထားသည်။
AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်ချပါက အသက်အန္တရာယ်အား အာမခံပေးမည်ဟု ထုတ်ပြန်ထားသည်။ လက်နက်ချအညံ့မခံပါက ခြေမှုန်းတိုက်ခိုက်သွားမည်ဟု သတိပေးထားသည်။