ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ကျော်ဌေးမှာ လက်နက်ခဲယမ်းများကို ယူဆောင်ပြီး မိသားစုနှင့်အတူ ရက္ခိုင့်တပ်တော် AA ထံသို့ ခိုလှုံသွားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ပြောသည်။
ဒုတပ်ကြပ်ကျော်ဌေးမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့၌ ၎င်းတာဝန်ကျနေသည့် စခန်းအတွင်းမှ လက်နက်ခဲယမ်းများကို ယူဆောင်ကာ မိသားစုများကိုလည်း ခေါ်ဆောင်ထွက်ပြေးသွားပြီး ရက္ခိုင့်တပ်တော် AA ထံကို ခိုလှုံသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက “သူက ကျောက်တော်မြို့နယ်ကပါ။ သူရယ်၊ သူ့ဇနီးနဲ့ ကလေးနှစ်ယောက်ရယ်၊ AA ဆီကို ခိုလှုံသွားကြတာပါ။ လက်နက်တွေ ယူပြီးတော့ ထွက်သွားကြတယ်။ အခုတော့ ရဲစခန်းတော်တော်ကို လုံခြုံရေးတင်းကြပ်ထားတယ် “ဟုပြောသည်။
လက်ရှိတောင်ကုတ်အခြေအနေမှာ လုံခြုံရေးတင်းကြပ်မှုများ မရှိသော်လည်း စစ်ကောင်စီတပ်က ညတွင် ကင်းလှည့်လည်မှုများ ရှိနေပြီး လုံခြုံရေးအခြေအနေကြောင့် ငွေကြေးတက်နိုင်သူများမှာ ပြည်မဖက်သို့ ထွက်ခွာမှု ရှိနေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း တောင်ကုတ်မြို့အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သား စစ်သား ၁၂ ဦးမှာ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားပြီး ၎င်းတို့မှာ AA ထံသို့ ခိုလှုံခဲ့ကြောင်း သိရသည်။
တောင်ကုတ်တက္ကသိုလ်အနီး၊ မီးကျောင်းထိုးရွာအနီး တောင်ကုတ်-အမ်း၊ စစ်တွေ စစ်ဆေးရေး ဂိတ်မှ ၅ဦး၊ စကခ (၅)တပ်ထဲက (၇)ဦး၊ စုစုပေါင်း ၁၂ဦးတို့မှာ လက်နက်ကိုယ်စီးနှင့် ထွက်ပြေးသွားကြခြင်းဖြစ်သည်။
ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်စဉ်ကတည်းက စစ်ကောင်စီတပ်သားများမှာ မိမိထမ်းဆောင် နေသည့်နေရာမှ တစ်ခြားနေရာသို့ အများအပြား ထွက်ပြေးနေကြပြီး AA ထံသို့ အလင်းဝင်ရောက်မှုလည်း ရာနှင့်ချီ ရှိနေသည်။
ရခိုင်ပြည်အတွင်းရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် AA ထံ လက်နက်ချ အလင်းဝင်ရောက်ဖို့နှင့် လက်နက်ချ အညံ့မခံသည့် စစ်ကောင်စီ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း AA က သတိပေးထားသည်။