ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီအလိုကျ စစ်မှုထမ်းစာရင်းကောက်ယူနိုင်ရေး စည်းရုံးနေတယ်ဆိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို ရက္ခိုင့်တပ်တော်(AA)က လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့အနီးရှိ ဝက်ကျိပ်ရွာမှ အုပ်စုအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညီလေးကို မနေ့က ဧပြီလ ၈ ရက်နေ့ညမှာ လာရောက်ဖမ်းခေါ်သွားခဲ့တာလို့ ဆိုပါတယ်။
“အိမ်ကို လာဖမ်းသွားတာ၊ သူက စစ်မှုထမ်းစာရင်းကောက်ဖို့လုပ်တာတွေမှာ တော်တော်ထဲထဲဝင်ဝင် ပါနေတယ်ပြောကြတယ်၊ အဲဒါကြောင့် ဖမ်းတာဖြစ်နိုင်တယ်၊ AA က ဖမ်းသွားတာပါ”လို့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။
အဲဒီဖမ်းဆီးမှုနဲ့ ပက်သက်လို့ DNA အနေနဲ့ အသေးစိတ်အခြေအနေတွေကို မသိရသေးသလို AA ဘက်ကလည်း အဲဒီဖမ်းဆီးမှုနဲ့ ပက်သက်လို့ တစုံတရာထုတ်ပြန်အသိပေးတာမရှိသေးပါဘူး။
ရက္ခိုင့်တပ်တော်(AA)ဟာ စစ်မှုထမ်းစာရင်းကောက်ယူမှုတွေနဲ့ ပက်သက်လို့ သတိပေးထားတာမျိုးတွေ မရှိပေမယ့် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နောက်ဆက်တွဲလုပ်ရပ်တွေကြောင့် အပြစ်မဲ့ပြည်သူတွေမှာ ဒုက္ခရောက်ကြရတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီဟာ တစိတ်တပိုင်းထိန်းချုပ်နိုင်သေးတဲ့ တောင်ကုတ်မြို့နယ်မှာ စစ်မှုထမ်းစာရင်းကောက်ယူဖို့ လက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကို ဖိအားပေးစေခိုင်းထားတယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲ၊ ဂွ၊ မာန်အောင်မြို့နယ်တို့မှာလည်း စစ်မှုထမ်းရမယ့်လူစာရင်းကောက်ယူတာတွေ ဆက်တိုက်လုပ်နေတာကြောင့် ဒေသတွင်း လူငယ်တွေ ထွက်ပြေးနေကြရတယ်လို့ ကာယကံရှင်လူငယ်တွေက ပြောထားပါတယ်။
သံတွဲမြို့နယ်အတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ စစ်မှုထမ်းစာရင်းကောက်ယူဖို့ အတင်းအကြပ်စေခိုင်းခံရတာကြောင့် အခက်ကြုံရတယ်လို့ဆိုကာ နုတ်ထွက်စာတင်ထားကြပေမယ့် စစ်ကောင်စီက ထွက်ခွင့်မပေးဘူးလို့ ဆိုပါတယ်။
သံတွဲမြို့နယ် ဒါ၀ကျေးရွာမှ ရာအိမ်မှုးဖြစ်သူဟာလည်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် နေ့လည်ပိုင်းမှာ အမည်မသိလူတစုရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး စစ်မှုထမ်းလူစာရင်းကောက်ယူနေတာနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေက ပြောထားကြပါတယ်။
နိုင်ငံအဝှမ်း မြို့နဲ့ တပ်စခန်းတွေ လက်လွှတ်ရပြီး တပ်သားဆုံးရှုံးမှုဆက်တိုက်ရှိနေတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို တပ်သားစုဆောင်း၊ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေခဲ့တာပါ။
စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းဥပေဒကို အသက်သွင်းပြီးတဲ့နောက်မှာ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေ၊ ရန်ကုန်အပါအဝင် ပြည်မရောက်ရခိုင်လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိသေးတဲ့ ပြည်နယ်တောင်ပိုင်းမှာလည်း စာရင်းကောက်ယူမှုတွေ ဆက်လုပ်လာခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့နယ်တို့အတွင်းမှ ရိုဟင်ဂျာတထောင်၀န်းကျင်ကိုလည်း ဖမ်းဆီးစစ်သင်တန်းပေးပြီးရှေ့တန်းပို့စစ်တိုက်ခိုင်းနေပြီလို့ ဖမ်းဆီးခံရသူရိုဟင်ဂျာတွေရဲ့ မိသားစုဝင်တွေက ပြောထားကြပါတယ်။
AA ကတော့ စစ်ကောင်စီရဲ့ အတင်းအဓမ္မတပ်သားစုဆောင်းခံရသူတွေကို ရရာနည်းလမ်းနဲ့ ရုံးထွက်ပြီး လွတ်မြောက်ရာနေရာတွေမှာ လာရောက်ခိုလှုံကြဖို့ အကြံပြု၊ ဖိတ်ခေါ်ထားပါတယ်။ အဲဒီလို လာရောက်ခိုလှုံသူတွေကို မိမိဆန္ဒမပါဘဲ အတင်းအကြပ်စစ်မှုထမ်းမှာခိုင်းမဟုတ်ဘဲ ဆန္ဒအလျောက် စစ်မှုထမ်းလိုရင်တော့ လက်ခံကြိုဆိုမယ်လို့ AA ပြောခွင့်ရ ဆိုထားပါတယ်။