ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းက ပအိုဝ်းကျေးရွာတွေမှာ ပအိုဝ်းပြည်သူ့စစ် (PNA)က မတ်လ ဒုတိယအပတ်ခန့်ကစပြီး စစ်အသုံးစရိတ်တွေ အဓမ္မကောက်ခံနေတယ်လို့ ကျေးရွာနေပြည်သူတွေက သတင်းပေးပို့ထားပါတယ်။
PNA အရာရှိတွေက မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပေးသွင်းကြဖို့ ရွာသူကြီးကနေ တဆင့် ဖိအားပေး စေခိုင်းထားတာကြောင့် ရွာခံတွေအနေနဲ့ အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပင်ငိုရွာခံတစ်ဦးက “တစ်ခါ နှစ်ခါမကတော့ဘူးဆိုတော့ လူလည်း စိတ်ညစ်လာပြီ။ ကိုယ့်ကိုယ် ချွေတာစားပြီး စစ်ရှောင်ဖို့ စုဆောင်းထားတာ သူတို့ကို ထည့်ရတာနဲ့ပဲ ကုန်နေတယ်။ သူကြီးတွေကလည်း အလိုတူ အလိုပါပဲ” လို့ ပြောပါတယ်။
တောင်ကြီးမြို့နယ်အတွင်းက ပင်ငို(ခ)ပင်ပက်ရွာ၊ မဲတောင်းရွာ၊ ၆ မိုင်ကုလားရွာတို့မှာ ကောက်ခံနေတာဖြစ်ပြီး ပျှမ်းမျှ ၃၀,၀၀၀ ကျပ်ကနေ လူတန်းစားအလိုက် ၅၀,၀၀၀ ကျပ်အထိ ထည့်ဝင်ရမယ်လို့ သိရပါတယ်။
၆ မိုင်ကုလားရွာခံ တစ်ဦးက “လောလောဆယ်တော့ ခြိမ်းခြောက်တာ ဘာညာတော့ မရှိသေးဘူး။ ဒါပေမယ့် သတ်မှတ်ရောက်လို့မှ မပြည့်ရင်တော့ PNO တွေ သေနတ်ကိုင်ပြီး အိမ်အထိ ရောက်လာတာမျိုး လုပ်တတ်တယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့နယ်အတွင်းက ပအိုဝ်းကျေးရွာတွေဟာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထဲ မပါဝင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ PNA က အာဏာစိုးမိုးထားပြီး မကြာခဏ ဆက်ကြေးကောက်ခံနေတယ်လို့ စုံစမ်း သိရပါတယ်။