ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသထွက် ဂေါ်ဖီထုပ် အရင်းပြန်မရတဲ့အထိ စျေးကျနေလို့ လိုရင်ယူ ပိုရင်လှူ အစီအစဉ်နဲ့ ခြံပြတ် အခမဲ့ လှူဒါန်း လိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
တောင်သူက လှူဒါန်းတဲ့ ဂေါ်ဖီထုပ်တွေကို ကားတွေနဲ့ သွားသယ်ပြီး တောင်ကြီးမြို့ပေါ်မှာ လိုရင်ယူ ပိုရင်လှူ အစီအစဉ်နဲ့ လှူဒါန်းခဲ့သလို ပရဟိတကျောင်းတွေကို ကားအစီးလိုက် တောင်သူ ကိုယ်စား လှူဒါန်းပေးခဲ့တယ်လို့ တောင်ကြီးမြို့ခံ လူငယ် တစ်ဦးက ပြောပါတယ်။
“သူတို့ရောင်းရင်လည်း အလုပ်သမားခ၊ ကားခက ထပ်ကုန်ဦးမယ်။ အရင်းတောင် ပြန်မကာမိတော့ဘူး ဆိုတော့ ကျွန်တော်တို့က တောင်သူ ကိုယ်စား တောင်ကြီးမြို့ပေါ်ထိ သယ်လာပြီး လှူဒါန်းမှုမြောက်အောင် အကျိုးဆောင် ပေးတာပေါ့” လို့ သူကပြောပါတယ်။
ဒီကနေ့အထိ တစ်ပတ်အတွင်း တောင်ကြီးမြို့ပေါ်ကို ဂေါ်ဖီထုပ် ၂,၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့သလို မွန်ပြည်နယ်၊ သထုံမြို့ကိုလည်း မုန်လာထုပ် ၄,၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“လှူတဲ့ပုံစံကတော့ တောင်သူက မုန်လာထုပ် လှူတယ်။ သယ်ယူတဲ့ ကားခတွေကိုတော့ စေတနာရှင်တွေက ထည့်ဝင် လှူဒါန်းကြတာပေါ့။ အဲ့ဒါကိုမှ ကျွန်တော်တို့က လိုအပ်တဲ့နေရာ အရောက်ပို့ပေးတာတွေ လုပ်တာ” လို့ တောင်ကြီးမြို့ခံ တစ်ဦးက ပြောပါတယ်။
အခုနှစ် ဓာတ်မြေဩဇာ အပါအ၀င် စိုက်ပျိုးရေး သွင်းအားစုတွေ စျေးအဆမတန် မြင့်တက်လာပေမယ့် မုန်လာထုပ် တစ်ထုပ်ကို ၅၀ ကျပ်သာ ရရှိလို့ ပွဲရုံတွေကို ရောင်းချရာမှာ ပို့ဆောင်ခနဲ့ ကုန်ကျစရိတ် မကာမိတဲ့ အတွက် စားသုံးသူတွေ အတွက် ခြံပြတ် လှူဒါန်းခဲ့တာလို့ မုန်လာထုပ် စိုက်ပျိုးတဲ့ တောင်သူတွေက ပြောပါတယ်။
“ဒီအချိန်က အားလုံးလည်း ခက်ခဲနေကြတာ ဆိုတော့ ဒီအတိုင်း ခြံထဲမှာ ဖျက်ဆီးရမယ့် အတူတူ ငွေမရလည်း ကုသိုလ်တော့ ရပါတယ်ဆိုပြီး လှူလိုက်တာပါ။ စိုက်ပျိုးရေး တောင်သူတွေအတွက် ဘယ်တုန်းကမှ အာမခံချက် ရှိဖူးတာမှ မဟုတ်တာ။ ရှုံးလည်း ခံရမှာပဲ” လို့ ဂေါ်ဖီထုပ် တောင်သူ တစ်ဦးက ပြောပါတယ်။
မုန်လာထုပ် ခေါ် ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်း၊ နောင်တရား၊ ကလော စတဲ့ ဒေသတွေမှာ အများအပြား စိုက်ပျိုးပြီး တစ်ဧကကို အထုပ်ရေ တစ်သောင်းခန့် ထွက်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။