ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ပေါ် ရပ်ကွက်တချို့မှာ စစ်မှုထမ်းအသုံးစရိတ်တွေ ကောက်ခံတော့မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးတို့က လိုက်လံ ဆော်သြနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
တောင်ကြီးမြို့တွင်း ဘုရားဖြူရပ်ကွက်၊ ရေအေးကွင်းရပ်ကွက် နဲ့ ကျောင်းကြီးစုရပ်ကွက်တွေမှာ ငွေကြေး ၅၀,၀၀၀ ကျပ်ကနေ ၁၀၀,၀၀၀ ကျပ်အထိ ရပ်ကွက်အလိုက် မတူညီနှုန်းထားတွေနဲ့ လစဉ်ကောက်ခံသွားမယ်လို့ ဆိုပါတယ်။
ကျောင်းကြီးစုရပ်ကွက်မှာ နေထိုင်သူလတစ်ဦးက ” ကျွန်တော်တို့ဆီမှာတော့ တစ်အိမ် ၇၀,၀၀၀ ထည့်ရမယ်ပြောတယ်၊ ဒါပေမဲ့ ကျနော့်သူငယ်ချင်းဆီကိုတော့ မလာသေးဘူးတဲ့၊ ကြည့်ရတာ ရပ်ကွက်တစ်ခုလုံးအနှံ့ လိုက်မပြောရသေးတာ ဖြစ်မယ်။ တော်တော်များများကတော့ ကောက်နေကြပါပြီ” လို့ ပြောပါတယ်။
အလားတူ ဘုရားဖြူရပ်ကွက်မှာလည်း အိမ်ထောင်စု တချို့ဆီကို တစ်အိမ် ၅၀,၀၀၀ နှုန်းနဲ့လာကောက်နေပြီလို့ ရပ်ကွက်နေထိုင်သူတွေဆီကနေ သိရပါတယ်။
“အသိမိတ်ဆွေတွေ အိမ်ကို လာကောက်တာတော့ ၅၀,၀၀၀ တဲ့၊ ကျွန်မတို့ဆီကိုတော့ မလာသေးဘူး၊ စားဝတ်နေရေးအတွက်က လုံးပန်းနေရတဲ့အထဲ နောက်ဆိုရင် လတိုင်းကို ထည့်ဖို့ကို ကြံဖန်ရတော့မယ်လို့ စဉ်းစားမိတိုင်း ရင်မောတယ်” လို့ ဘုရားဖြူရပ်ကွက်နေ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းအသုံးစရိတ်ကို ဧပြီလအစကတည်းက စတင်ကောက်ခံနေပေမဲ့ စစ်မှုထမ်း အမည်စာရင်းပါတဲ့ အိမ်တွေကိုတော့ မတ်လတတိယပတ်ကတည်းက ညှိနှိုင်းဆွေးနွေးမှူနဲ့အတူ ၁၀သိန်းကနေ သိန်း ၁၀၀ အထိ ကောက်ခံနေတယ်လို့ စုံစမ်းသိရပါတယ်။